မြန်မာဝယ်လက်များက ဘန်ကောက်အပြင်က အိမ်ခြံမြေများကိုပါ စိတ်ဝင်စားလာ

Bangkok Post

ထိုင်းနိုင်ငံတွင် အရောင်းအဝယ် လုပ်ကိုင်နေသော အိမ်ခြံမြေလုပ်ငန်းရှင်များသည် ဖူးခက်နှင့် ချင်းမိုင်တို့က လူနေအိမ်ရာများကို စိတ်ဝင်တစား ရှာဖွေလျက်ရှိရာ မြန်မာနိုင်ငံမှ ကုမ္ပဏီတခုအပြင် ချင်းမိုင်ပြည်နယ်ရှိ လုံးချင်းအိမ်ရာစီမံကိန်း၌ ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်လျက် ရှိသည်။

မြန်မာက ဝယ်လက်များကြား ထိုင်းအိမ်ခြံမြေကို စိတ်ဝင်စားမှုသည် ရင်းနှီးမြှုပ်နှံရန်အတွက်အပြင် အပန်းဖြေရေး ရည်မှန်းချက်များအားဖြင့် ကျယ်ပြန့်လာလျက်ရှိသည်ဟု အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand မှ လက်ထောက်ဦးဆောင်ညွှန်ကြားရေးမှူး ကာလို ပိုဘရီက ဆိုသည်။

“ဖြစ်နေဆဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာက ဝယ်လက်တွေဟာ နှစ်တိုင်း ပိုပြီး အရောင်းအဝယ် လုပ်လာကြတယ်”ဟု ၎င်းက ပြောသည်။

“မကြာသေးခင်က အဖြစ်အပျက်များအားဖြင့် ချင်းမိုင်သည် အငြိမ်းစားယူ နေရေးထိုင်ရေးအတွက် ဖြစ်ကာ ဖူးခက်ကတော့ အပန်းဖြေစရာအတွက် ဖြစ်နေလို့ စိတ်ဝင်စားမှု မြင့်တက်တာလို့ ယူဆရမှာပဲ”ဟု ၎င်းက ပြောသည်။

ချင်းမိုင်တွင် ဝယ်လက်များသည် ဘတ်ငွေ သန်း ၂၀-၃၀ တန်ဖိုးရှိ လုံးချင်းအိမ်ရာများကို ရှာဖွေကြကြောင်း Colliers က ပြောသည်။ ဘိုးဘွားပိုင်မြေ ပိုင်ဆိုင်မှုက စိန်ခေါ်မှုနှင့် ရင်ဆိုင်ရနိုင်သော်လည်း စာချုပ်ဖြင့် ငှားရမ်းအသုံးပြုနိုင်ခွင့်တော့ ရှိထားသည်။

“မြန်မာနိုင်ငံမှာ သိသိသာသာ ဝယ်လိုအား လိုက်နေတာကြောင့် ချင်းမိုင်မှာ လုံးချင်းအိမ်ရာ တည်ဆောက်ရေးကို မြန်မာနိုင်ငံက ကုမ္ပဏီက အခွင့်အရေး ဖော်ဆောင်နေတာပဲ”ဟု ပိုဘရီက ဆိုသည်။

အဆိုပါ ကုမ္ပဏီသည် မန္တလေး၌ ဈေးဆိုင်တန်း၊ ခြောက်လွှာကွန်ဒိုနှင့် ထိုင်းဘက်မှ လုပ်ငန်းရှင်များ စီမံခန့်ခွဲမည့် ဟိုတယ်တလုံးတို့ ပါရှိသော စီမံကိန်းတရပ်ကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေသည်ဟု ၎င်းက ပြောသည်။

ဖူးခက်တွင်လည်း မြန်မာနိုင်ငံမှ ဝယ်လက်များသည် လာဂူနာနှင့် ဘန်ဂတာအိုကမ်းခြေများ အပါအဝင် နေရာများရှိ အိမ်ရာတလုံးလျှင် ဘတ်သန်း ၄၀ တန်ဖိုးရှိသော ဗီလာကိုလည်း စိတ်ဝင်စားနေကြသည်။

အဆိုပါ ဗီလာကို လူနေအိမ်များအဖြစ် ပြောင်းလဲပြီး ကမ်းခြေတခုနား Bumrungrad ဆေးရုံကို မကြာခင် ဖွင့်လှစ်တော့မည် ဖြစ်ခြင်းကြောင့် ကျန်းမာရေးအတွက် ထိုင်းသို့ ဆေးရုံဆေးခန်း လာပြသူများ အပန်းဖြေ နာလန်ထူထောင်ရေးအတွက် အသုံးချသွားရန် စိတ်ထက်သန်နေကြသည်။

မြန်မာမှ ဝယ်လက်များသည် ကိုယ်ပိုင် လုံခြုံစိတ်ချရသော နေရေးထိုင်ရေးနှင့် ကလေးငယ်များ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် ပထမပိုင်း၌ ဘန်ကောက်က အိမ်ခြံမြေများကိုသာ ဝယ်ယူကြခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)