အိန္ဒိယက တရုတ်ကို ကျော်တက်ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ဦးဆောင်သူဖြစ်နိုင်ဟု ဘလွန်းဘတ်ဂ်က ဖော်ပြ

ပုံဟောင်း(ဓာတ်ပုံ − Getty Images)

Beijing Bulletin

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသည် ၂၀၂၈ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ဦးဆောင်သူအဖြစ် အိမ်နီးချင်းတရုတ်နိုင်ငံကို ကျော်တက်ရောက်ရှိနိုင်ကြောင်း ဘလွန်းဘတ်ဂ် သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယသည် လာမည့် နှစ်အနည်းငယ်အတွင်း တရုတ်ကို ကျော်ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အင်ဂျင် ဖြစ်လာနိုင်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြသည်။ အိန္ဒိယသည် ပြီးခဲ့သည့်နှစ်က ယင်း၏ အရှေ့မြောက်ဘက် အိမ်နီးချင်း တရုတ်ကို ကျော်တက်ပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ ဖြစ်လာခဲ့သလို အိန္ဒိယ၏ လူဦးရေ ၁ ဒသမ ၄ ဘီလီယံသည် အဓိကကျသော တိုးတက်မှု အခြေခံအကြောင်းတခု ဖြစ်ကြောင်း သတင်းဌာနက ရှင်းပြသည်။

အစောဆုံးအားဖြင့် ၂၀၂၈ ခုနှစ်တွင် အိန္ဒိယသည် ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (PPP) အခြေခံအရ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် နံပါတ်တစ် ထည့်ဝင်သူ ဂုဏ်ပုဒ်ကို ရရှိနိုင်ကြောင်း ဘလွန်းဘတ်ဂ် စီးပွားရေး ဆန်းစစ်ချက်တရပ်အရ သိရသည်။ PPP သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးငွေများအတွင်း ခြားနားမှုများအတွက် ကိုက်ညှိခြင်းအားဖြင့် နိုင်ငံများအကြား စီးပွားရေး ကုန်ထုတ်စွမ်းအားနှင့် လူနေမှုအဆင့်အတန်းများကို နှိုင်းယှဉ်သည်။

တရုတ်၏ ဒေါ်လာ ၁၇ ဒသမ ၈ ထရီလီယံ “ဧရာမ” စီးပွားရေးသည် နှေးကွေးလျက် ရှိကြောင်း ဘလွန်းဘတ်ဂ် သတင်းတွင် မှတ်ချက်ပြုသည်။ တရုတ်၏ စီးပွားရေးသည် COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူရန် ရုန်းကန်ကြိုးပမ်းနေရသလို အမေရိကန်နှင့် မဟာမိတ်များထံမှ စီးပွားရေးဖိအားပေးမှုကိုလည်း ကြုံတွေ့နေရသည်။ အနောက်နိုင်ငံ အစိုးရများသည် တရုတ်ကို စီးပွားရေးမိတ်ဖက်တဦးထက် ပြိုင်ဘက်တဦးအဖြစ် ပို၍ ရှုမြင်လာနေသည်ဟု သတင်းဌာနက ဖော်ပြသည်။ တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၃ တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းကနေ ဆယ်စုနှစ်အကုန်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းကို နှေးကွေးဖွယ် ရှိသည်။ နိုင်ငံအသီးသီးနှင့် စီးပွားရေးလုပ်ငန်းများသည် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် (supply chain) များကို တရုတ်မှ အဝေးသို့ ပြောင်းလဲခွဲလုပ်ရန် ကြိုးပမ်းနေပြီး ထုတ်လုပ်မှုများကို အိန္ဒိယသို့ ရွှေ့ပြောင်းမှုများ ရှိနေသည်ဟု သတင်းဌာနက ဖော်ပြသည်။

တချိန်တည်းတွင် အိန္ဒိယသည် ကမ္ဘာတွင် အမြန်ဆန်ဆုံး တိုးတက်နေသော စီးပွားရေးတခု ဖြစ်သည်။ ဘလွန်းဘတ်ဂ်စီးပွားရေး အခြေခံ အကြောင်း စိတ်မှန်းအနာဂတ်ဖြစ်နိုင်ခြေအရ အိန္ဒိယသည် မတ်လ ၃၁ တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွင်း ခန့်မှန်းတိုးတက်မှုနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်းမှ ဆယ်စုနှစ်အကုန်တွင် တိုးတက်မှုနှုန်း ၉ ရာခိုင်နှုန်းသို့ အရှိန်မြင့်လိမ့်မည် ဖြစ်သည်။ ယင်း၏ တိုးပွားသော ကဏ္ဍများထဲတွင် အီလက်ထရောနစ် ကုန်ထုတ်လုပ်မှုနှင့် လေကြောင်းလုပ်ငန်းတို့ ပါဝင်သည်။

အိန္ဒိယ၏ များပြားပြီး ငယ်ရွယ်သော လူဦးရေက စီးပွားရေးတိုးတက်မှုကို လောင်စာဖြည့်ပေးနိုင်သည့် အဓိက အကြောင်းအချက်များအနက် တခုဖြစ်သည်။ ၂၀၄၀ တွင် တရုတ်နှင့် တိုးတက်သော စီးပွားရေးနိုင်ငံများတွင် အလယ်အလတ် ကျွမ်းကျင်အရည်အချင်းရှိ အလုပ်သမား (ပုံမှန်အားဖြင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ကြသူများ) ၄၈ ဒသမ ၆ သန်းခန့် အနားယူကြလိမ့်မည်ဟု ဘလွန်းဘတ်ဂ်က ဖော်ပြသည်။ အလားတူကာလအတွင်း အိန္ဒိယသည် ယင်းကဲ့သို့ အလုပ်သမား ၃၈ ဒသမ ၇ သန်းကို ဖြည့်ပေးလိမ့်မည်ဖြစ်သည်။

အစိုးရအနေဖြင့် အခြေခံအဆောက်အအုံကို တိုးတက်စေသလား၊ ဗျူရိုကရေစီကို လျော့ကျစေသလား၊ အလုပ်သမားထု၏ ပါဝင်မှုနှုန်းနှင့် ကျွမ်းကျင်မှုတို့ကို တိုးတက်စေသလား ဆိုသည့်အပေါ် အိန္ဒိယ၏ အောင်မြင်မှုက များစွာ မူတည်နေသည်ဟု သတင်းတွင် ဖော်ပြသည်။ အိန္ဒိယ၏ အလုပ်သမားအင်အား ပါဝင်မှုက ၂၀၂၂ တွင် ၅၅ ဒသမ ၄ ရာခိုင်နှုန်း၌ ရပ်တည်နေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းအရ သိရပြီး ယင်းက ကမ္ဘာ့အနည်းဆုံး အချိုးအစားတခုဖြစ်သည်။ တချိန်တည်းတွင် တရုတ်တွင် အလုပ်သမား ပါဝင်မှုနှုန်းက ၇၆ ရာခိုင်နှုန်းတွင် ရှိနေသည်။

၂၀၁၄ ခုနှစ်ကစပြီး ရာထူးတာဝန်ယူနေသည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် မေလတွင် ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းမည် ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးကို ကမ္ဘာ့ “ထိပ်တန်းရပ်တည်မှု” သို့ ရောက်ရှိအောင် လုပ်ဆောင်မည်ဟု ကတိပြုထားသည်။

အိန္ဒိယ စီးပွားရေးသည် လက်ရှိတွင် ကမ္ဘာ့ပဥ္စမမြောက် အကြီးဆုံး စီးပွားရေးအဖြစ် ရှိနေသည်။ ဒေါ်လာ ၂၅ ဒသမ ၄၄ ထရီလီယံ ဂျီဒီပီ ရှိသည့် အမေရိကန်သည် လက်ရှိအချိန်အထိ ကမ္ဘာ့အကြီးဆုံး စီးပွားရေး ဖြစ်သည်။ ယင်း၏ နောက်တွင် တရုတ်၊ ဂျပန်နှင့် ဂျာမနီတို့ ရှိနေသည်။