ဇန်နဝါရီအတွင်း ပျံ့နှံ့ခဲ့သောသတင်းများ

ZZ

(မဇ္ဈိမ) ။ ။ ဇန်နဝါရီလမှာတော့ တိုက်ပွဲသတင်းတွေ စစ်ဘက်ဆိုင်ရာလက်နက်တွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ အများဆုံးတွေ့ရပြီး အချက်အလက်စစ်ဆေးနိုင်ခဲ့ပါတယ်။

ဇန်နဝါရီပထမအပတ် လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီ ဟာ အကျဉ်းသား ၉,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီလွတ်ငြိမ်းထဲမှာအဖမ်းခံထားရတဲ့ သင်ဇာဝင့်ကျော် နဲ့ နန်းမွေစံတို့ပြန်လည်လွတ်မြောက်လာတယ်ဆိုပြီး သတင်းတွေပျံ့နှံ့ခဲ့ပြီးအမှန်တကယ်မှာ တော့ သူတို့နှစ်ဦးစလုံး ပြန်လည်လွတ်မြောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒီလိုနေ့တွေရောက်တိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့အထဲမှာ အထင်ကရလူတွေပါတယ်လို့ သတင်းပျံ့တတ်တာဟာ ယခင်ကတည်းက ရှိခဲ့ပြီး အမှန်တကယ်လွတ်လာကြတဲ့လူတွေလည်း ရှိသလို မလွတ်လာ ကြတဲ့လူတွေလည်း ရှိပါသေးတယ်။

ဒါ့အပြင် စစ်တပ်လော်ဘီတွေဟာ ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေရဲ့ပုံဆိုပြီး ဖြန့်ဝေခဲ့ပေမယ့် ဒီထဲက ပုံအများစုဟာ ယခင်ကပုံတွေကို ပြန်သုံးခဲ့တာဖြစ်ကြောင်း စစ်ဆေးနိုင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လော်ဘီတွေဟာ စိတ်ဓါတ်စစ်ဆင်ရေးအရကော၊ ဝါဒဖြန့်ချီမှုအရကော အမြဲတစေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးကြောင်းကို ဖြန့်ဝေတတ်ကြပါတယ်။ ဒီထဲမှာ ပုံဟောင်းတွေလည်း ပါဝင်နိုင်တာမို့ သေချာ စိစစ် ဖတ်ရှုစေချင်ပါတယ်။

ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ ဆက်နွယ်တဲ့ သတင်းမှားတွေလည်း ဇန်နဝါရီလထဲမှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

ကိုးကန့်တပ်က ကိုယ်ပိုင်လုပ်ငန်းသုံးလေယာဉ်တွေနဲ့ ဗုံးကြဲဖို့လေ့ကျင့်နေတယ်ဆိုပြီး သတင်းအမှားပျံ့ခဲ့သလို၊ သိန္နီမြို့ကို စစ်ကောင်စီကပြန်လည်ရရှိတယ်ဆိုပြီး ဖြန့်ခဲ့တဲ့ သတင်းတု၊ နမ့်ဖက်ကာက စစ်တပ်လေယာဉ်ပစ်ချမှုမှာ ရုပ်သံဖိုင်အဟောင်းနဲ့ ဖြန့်ဝေတာ၊ ဖောင်ဆိပ်တံတားကို “ဝ” တပ်ဖွဲ့ကခွဲတယ်ဆိုပြီး ဖြန့်တာ စတဲ့ သတင်းတွေကို မဇ္ဈိမက အချက်အလက်စစ်ဆေးကာဖော်ထုတ်နိုင်ခဲ့ပါတယ်။

၁၀၂၇ တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီဟာ ရှမ်းမြောက်က မြို့နယ်တွေကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီလော်ဘီတွေဟာ သူတို့ရှုံးနိမ့်နေမှုကို ဖုံးကွယ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း သွေးခွဲဖို့ကြိုးစားနေတာ ဘာသာရေး၊ လူမျိုးရေး စတဲ့ သတင်းအမှားတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

F22 Raptor အမျိုးအစား စစ်ဘက်သုံးလေယာဉ်ဟာ မြန်မာနိုင်ငံမှာပဲရှိတယ်ဆိုတဲ့ သတင်းလဲ အချက်အလက် စစ်ဆေးခဲ့ပါတယ်။ ဒီလေယာဉ်ဟာ အမေရိကန်နိုင်ငံကထုတ်ခဲ့တာဖြစ်ပြီး သူတို့ဟာ ဘယ်နိုင်ငံကိုမှ ရောင်းချမှမဟုတ်ဘူးလို့ အချက်အလက်စစ်ဆေးချက်တွေအရ သိခဲ့ရပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်ထဲကို ဒုံးကျည်နဲ့ပစ်ခံရသလို ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာလည်း အမှန်တကယ်မဟုတ်ဘဲ ရုပ်သံဖိုင်ကို ဖန်တီးထားတာဖြစ်ပြီး အပြင်လက်တွေ့မှာ တကယ်ရှိမနေတာကို တွေ့ရပါတယ်။

AI နည်းပညာနဲ့ ဖန်တီးထားတဲ့ အီဖယ်မျှော်စင် မီးလောင်တယ်ဆိုပြီး သတင်းဖြန့်ဝေမှုတွေလည်း ရှိခဲ့ပါတယ်။ AI ဟာ ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ ဆိုတာ အဲ့ဒီသတင်းတု မှာပါတဲ့ပုံတွေကြည့်ရင်တွေ့နိုင်ပါတယ်။ ပါဝင်တဲ့လူတွေ၊ အီဖယ်မျှော်စင်မီးလောင်တဲ့ပုံရိပ်တွေဟာ အမှန်တကယ်လို့ကိုထင်ရလောက်တဲ့အထိကို ဖြစ်နေတာတွေ့ရပါတယ်။ ဒီသတင်းကို အခြားနိုင်ငံမှာနေတဲ့ သူတစ်ဦးက ဖန်တီးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ AI နဲ့ပတ်သက်ပြီး လူပြောများနေကြပေမယ့် အကျိုးသက်ရောက်မှုများပြီး အန္တရာယ်ဖြစ်လောက်တဲ့ထိ ဖန်တီးနိုင်တဲ့ သတင်းမှားတွေကို မတွေ့ရသေးရပါဘူး။

အခုချိန်က တနိုင်ငံလုံးနီးပါး တိုက်ပွဲတွေရှိနေတာကြောင့် အချက်အလက် စစ်ဆေးသူတွေအနေနဲ့လည်း တိုက်ပွဲ သတင်းတွေနဲ့အတူ ဆက်နွယ်ပြီး ထွက်ပေါ်လာတဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တဲ့ သတင်းတွေကို အများဆုံး စစ်ဆေးခဲ့ပါတယ်။ တဆက်တည်းမှာပဲ နည်းပညာပိုင်းအရ တိုးတတ်လာတဲ့ အလျှောက် Video effect တွေသုံးပြီး ပြုပြင်ထားတဲ့အကြောင်းအရာတွေ၊ AI ကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းတွေကိုလည်း စစ်ဆေးနိုင်ခဲ့ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းမှားတွေကို သတိထားကြဖို့နဲ့ နောက်ကွယ်က လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်တာတွေကို ဂရုပြုမိကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်။ မဇ္ဈိမရဲ့ သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ်ကိုလဲ သတင်းတုသတင်းအမှားတွေ တွေ့ခဲ့ရင် မသင်္ကာစရာ သတင်းတွေတွေ့ခဲ့ရင်လည်း မေးမြန်းလို့ရနိုင်ပါပြီနော်။ မေးမြန်းချင်ရင်တော့ ” t.ly/AjFbz ” ဒီလင့်ကနေ မေးမြန်းဖို့ ဖိတ်ခေါ်ပါရစေရှင်။