မြောက်ခင်ရန်းရွာမှ ပျူနှင့် စကစတပ်ဖွဲ့ဝင်များက အရပ်သား ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်

ပုံအညွှန်း - စစ်ကောင်စီတပ်ဖွဲ့ က မီးရှို့ဖျက်စီးခဲ့သည့် နေအိမ်များကိုတွေ့ ရစဉ်

ပုံအညွှန်း – စစ်ကောင်စီတပ်ဖွဲ့ က မီးရှို့ဖျက်စီးခဲ့သည့် နေအိမ်များကိုတွေ့ ရစဉ်

MTO

(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာမှ ပျူ နှင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် အနီးဝန်းကျင် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး အရပ်သား ၁၀ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားကြောင်း ဂန့်ဂေါမြို့နယ် ပအဖက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် မြောက်ခင်ရန်းရွာမှ အင်အား ၂၀၀ ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် သင်တောရွာမှ လူ ခုနစ်ဦး၊ ရွှေဘိုရွာမှ နှစ်ဦးနှင့် ကံတိုးရွာမှ အရပ်သားတဦးကို သတ်ဖြတ်သွားကြောင်း ဂန့်ဂေါပအဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသခံအရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားခြင်းမှာ မှန်ကန်ကြောင်း ABSDF စစ်ကြောင်း (၃) မှ ရဲဘော် ပြည့်ဖြိုးကျော်က မဇ္ဈိမကို ပြောသည်။

“သင်တော ရွာက ခုနစ်ဦးကိုတနေရာထဲမှာ စုပုံပြီးတော့ သတ်ဖြတ်သွားတာ၊ ရွှေဘိုရွာက နှစ်ဦးကိုတော့ နောက်ထပ်တနေရာမှာ သတ်ဖြတ်ခဲ့တယ်။ ကံတိုးရွာက တဦးကတော့ ရမ်းပစ်တဲ့ ကျည်မှန်ပြီး သေဆုံးသွားတာ၊ သတ်တဲ့အချိန်မှာလည်း ကာကွယ်ရေးတပ်ဖွဲဝင်လို့ ထင်ရအောင် ပြောက်ကျား အင်္ကျီတွေ ဝတ်ပေးပြီးမှ သတ်သွားတာပါ” ဟု ပြောသည်။

ယာတောသို့ ပဲချိတ်ရန်လာသူများနှင့် နွားစာကျွေးနေသည့် သင်တောရွာက အရပ်သား ခုနစ်ဦးသည် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာချိန်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် သင်တောရွာတောင်ဘက် ဘုရားကုန်းတွင် အုပ်စုလိုက်သတ်ခံလိက်ရခြင်းဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ က ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် သင်တောရွာနှင့် ရွှေဘိုရွာရှိ ဒေသခံများ၏ ဆန်၊ ဆီနှင့် အခြေ ခံစားသောက်ကုန်များကို အဓမ္မယူဆောင်ပြီးနောက် နေအိမ်များကိုလည်း မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

ယင်းကြောင့် သင်တောရွာမှာ နေအိမ်အလုံး ၂၀ နှင့် ရွှေဘိုရွာမှ နေအိမ်ခြောက်လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

သတ်ဖြတ်ခံလိုက်ရသည့် ပြည်သူများ၏ ရုပ်အလောင်းများကို ပြန်လည်ကောက်ယူထားပြီးသင်္ဂြိုလ်ပေးနိုင်ရန် ပြင်ဆင်ပေးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ထို့ပြင် မီးရှို့ခံထားရသည့် နေအိမ်များကိုလည်း ရှင်းလင်းရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း ABSDF မှ ရဲဘော်ပြည့်ဖြိုးကျော်က ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ စစ်ကောင်စီကို ထောက်ခံရေးသားနေကြသော တယ်လီဂရမ်ချန်နယ်များတွင် PDF များကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဓါတ်ပုံများနှင့်တကွ သတင်းများဖြန့်ဝေထားသော်လည်း ABSDF မှ ရဲဘော်ပြည့်ဖြိုးကျော်ကမှု သတ်ခံရသူများမှာ “ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး” ဟု ဆိုသည်။

မြောက်ခင်ရန်းကျေးရွာသည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁,၀၀၀ နီးပါးရှိသည့် ရွာကြီးတရွာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီထောက်ခံသူအများ နေထိုင်ကာ ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း ဘူးလက်လှဆွေ ဩဇာလွှမ်းမိုးထားသည့် ရွာဖြစ်ကြောင်း လူသိများသည်။

ထိုကျေးရွာမှ ပျူ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကလည်း တိုက်ပွဲအတွင်း ဖမ်းမိသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်