တရုတ်သည် ၎င်း၏ နိုင်ငံတကာ မြေရှားသတ္တုဈေးကွက်ကို ကာကွယ်ရန် ရုန်းကန်နေရ

Financial Post:-

တရုတ်နိုင်ငံသည် ယခုအခါ ၎င်းထံမှ စွန့်ခွာနေကြသည့် ထုတ်လုပ်ရောင်းချရေးကွင်းဆက်များ၊ သွင်းကုန်အခွန် မြင့်တက်လာမှုများနှင့် တရုတ်ကုမ္ပဏီများကို အမေရိကန်နှင့် အနောက်နိုင်ငံများက အမည်ပျက်စာရင်းသွင်းမှုများ စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အကျိုးဆက်အနေဖြင့် နိုင်ငံတကာ မြေရှားသတ္တုပစ္စည်း အများဆုံး တင်ပို့နေသည့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးတည်ရှိရာ တရုတ်နိုင်ငံ၏ အနေအထားသည် ကြီးကြီးမားမား ကျဆင်းလာနိုင်ခြေရှိသည်။

မြေရှားသတ္တုများအဖြစ် သတ်မှတ်ထားသည့် သတ္တု ၁၇ မျိုးကို တရုတ်၏ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စုစုပေါင်း ၃,၄၃၉ တန်သာ ရှိခဲ့ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်အထွေထွေ အကောက်အခွန်ကြီးကြပ်ရေးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်သည် ၂၀၂၂ ခုနှစ်တွင် မြေရှားသတ္တု ၄၈,၇၂၈ မက်ထရစ်တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့ပြင် တရုတ်၏ စုစုပေါင်း မြေရှားသတ္တုတင်ပို့မှု ဝေစုသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ၉၀ ရာခိုင်နှုန်းခန့် ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ စစ်တမ်းဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်၏ ကမ္ဘာတဝန်းသို့ မြေရှားသတ္တုတင်ပို့မှုသည် ၂၀၂၀ ခုနှစ်မှစတင်၍ တစတစ ပြောင်းလဲလာခဲ့ကြောင်း မြေရှားသတ္တုဆိုင်ရာ သိပ္ပံနှင့်နည်းပညာ သုတေသန အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်မှုကြောင့် ထင်ရှားသည့် တရုတ်မြေရှားသတ္တုအဖွဲ့အစည်း(CSRE) က ဝန်ခံထားသည်။

အမေရိကန်၊ ဩစတြေးလျနှင့် မြန်မာကဲ့သို့သော နိုင်ငံများသည် မြေရှားသတ္တုများကို တူးဖော်လျက်ရှိပြီး မြေရှားသတ္တုပစ္စည်းများကို အလုံအလောက် ထုတ်လုပ်ပေးလျက်ရှိကြသည်။ နိုင်ငံတကာအနေဖြင့် အဖိုးတန်မြေရှားသတ္တုနှင့်ပတ်သက်၍ တရုတ်တနိုင်ငံတည်းအပေါ် မှီခိုနေရမှုကို အဆိုပါ အခြေအနေက လျှော့ချပေးနိုင်ခဲ့သည်။

မြေရှားသတ္တုကို စမတ်ဖုန်းများ၊ လျှပ်စစ်ကားများနှင့် ဒုံးကျည်များ၊ လက်နက်များ၊ ရေဒါနှင့် ရေဒါဖြင့်မဖမ်းယူနိုင်သော လေယာဉ်များကဲ့သို့ စစ်ဘက်သုံးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ယခင်က ဈေးသက်သာသော မြေရှားသတ္တုများဖြင့် ဈေးကွက်ကို အောင်မြင်စွာ လွှမ်းမိုးထားနိုင်ခဲ့ပြီး အနောက်နိုင်ငံများနှင့် ကမ္ဘာ့အခြားနေရာများရှိ မြေရှားသတ္တုတွင်းများစွာကို အကျိုးအမြတ်မရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ လက်တွေ့တွင် တရုတ်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် လျော့ရဲပြီး လုပ်အားခ နည်းပါးသောကြောင့် မြေရှားသတ္တုများကို ဈေးသက်သက်သာသာဖြင့် ထုတ်လုပ်နိုင်နေခြင်း ဖြစ်သည်။

သို့သော် နိုင်ငံများအပြားသည် မြေရှားသတ္တုတင်သွင်းမှုနှင့်ပတ်သက်၍ တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းလာကြသောကြောင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံသည် မြေရှားသတ္တု အများဆုံးတင်ပို့သည့်နိုင်ငံ ဆက်မဖြစ်နိုင်တော့ကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် မြေရှားသတ္တုတူးဖော်မှု၏ ၇၀ ရာခိုင်နှုန်းနှင့် သန့်စင်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဟု နိုင်ငံတကာစွမ်းအင်အေဂျင်စီက ဆိုသည်။

ဂျပန်နိုင်ငံသည် မြေရှားသတ္တုအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို ၉၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။ အလားတူ အမေရိကန်နိုင်ငံသည်လည်း မြေရှားသတ္တုအတွက် တရုတ်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချလျက်ရှိပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်ကြား ၈၀ ရာခိုင်နှုန်း တင်သွင်းခဲ့ရာမှ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကြားတွင် ၇၄ ရာခိုင်နှုန်းသာ တင်သွင်းခဲ့သည်။ မြေရှားသတ္တု ထုတ်လုပ် သန့်စင်မှုတွင် အမေရိကန်က ၁၆ ရာခိုင်နှုန်း၊ မြန်မာက ကိုးရာခိုင်နှုန်းနှင့် ဩစတြေးလျက ရှစ်ရာခိုင်နှုန်းရှိသည်။

လာမည့်နှစ်အနည်းငယ်အတွင်း ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုဝယ်လိုအား မြင့်တက်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ သို့သော် ဥရောပနှင့် ဗီယက်နမ်၊ လာအိုနှင့် မလေးရှားကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများသည် မြေရှားသတ္တုကို စတင်တူးဖော်ထုတ်လုပ်လာကြသောကြောင့် အဆိုပါသတ္တုတင်ပို့မှုတွင် တရုတ်၏ လွှမ်းမိုးမှု ပုံစံသည် ပြောင်းလဲလာမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ဗီယက်နမ်သည် တရုတ်ပြီးလျှင် ကမ္ဘာပေါ်တွင် မြေရှားသတ္တု ဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒ စစ်တမ်းအချက်အလက်များတွင် ဖော်ပြထားသည်။ ဗီယက်နမ်သည် မြေရှားသတ္တု တန်ပေါင်း ၂၂ သန်းပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းထားသည်။

အဆိုပါ အခြေအနေများကြောင့် မြေရှားသတ္တုအရင်းအမြစ်များအတွက် ရွေးချယ်စရာ များစွာရှိလာမည့် အချိန်ကာလကို မကြာမီရောက်ရှိလာတော့မည်ဖြစ်ပြီး အရေးကြီးသတ္တုကို ဦးဆောင်တင်ပို့နေသည့် တရုတ်၏ အနေအထားကို ထပ်မံ ကျဆင်းလာစေနိုင်သည်။ ယင်းမြေရှားသတ္တုများသည် နည်းပညာ ခေတ်မီတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်သည်။