ဆောမြို့မရဲစခန်းမှ တပ်ကြပ်ကြီး လက်နက်နှင့်အတူ အလင်းဝင်

ပုံအညွှန်း။ ​​။ဂန့်ဂေါခရိုင် ၊အမှတ် (၃)တပ်ရင်းထံ အလင်းဝင်လာသော ရဲတပ်ကြပ်ကြီးအား ယူဆောင်လာသော လက်နက်များနှင့်အတူ တွေ့ရစဥ်/ ဓာတ်ပုံ။ ။ အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံး

ကိုခင်မောင်

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ဆောမြို့မရဲစခန်းမှ တပ်ကြပ်ကြီးတဦး လက်နက်နှင့်အတူ ဂန့်ဂေါခရိုင် ၊အမှတ် (၃)တပ်ရင်းထံ အလင်းဝင်လာကြောင်း အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ယနေ့ ဖေဖောဝါရီ ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

အသက် ၃၀နှစ်အရွယ် တပ်ကြပ်ကြီးစာရေးသည် စစ်အာဏာရှင်၏ လုပ်ဆောင်မှုများကို သဘောမကျသောကြောင့် ဖေဖော်ဝါရီ ၁၁ရက်တွင် CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“သူကတော့ အခုလုံခြုံတဲ့နေရာမှာ ရှိပါတယ် ။ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။ ဂုဏ်ပြုဆုငွေ ဘယ်လောက်ပေးမယ်ဆိုတာကတော့ မသိသေးပါဘူး ခင်ဗျ” အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

၎င်းတပ်ကြပ်ကြီးစာရေးသည် MA-2 တလက်၊ ကျည် ၆၀၀တောင့်နှင့် တခြားလက်နက်၊ ခဲယမ်းများ ယူဆောင်လာကြောင်း ၎င်းတာဝန်ရှိသူထံမှသိရသည်။

အဆိုပါ ဆောမြို့မရဲစခန်းတွင် လက်ရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်သား စုစုပေါင်းအင်အား ၈၀ကျော် ဝန်းကျင်ရှိပြီး တပ်ဖွဲ့ဝင်များ အချင်းချင်း စည်းလုံး ညီညွှတ်မှုမရှိဘဲ စိတ်ဓာတ်များ ပျက်ပြားလျက်ရှိကြောင်းသိရသည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် ဂန့်ဂေါမြို့နယ်၊ ဝင်ဝရွာမှ ပျူစောထီးတဦးသည် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် G3တလက်၊ G3 ကျည် ၁၈တောင့်နှင့်အတူ အလင်းဝင်ရောက်လာခဲ့သေးကြောင်း မကွေးတိုင်းကွပ်ကဲရေးရုံးထံက သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်တွင်လည်း ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအနောက်မှ ပျူစောထီးသုံးဦးသည် G3 တလက်၊ G3 ကျည် ၂၆၈တောင့်၊ M1 ကာဘိုင်နှစ်လက်၊ ကာဘိုင်ကျည် ၁၈၀တောင့်တို့ဖြင့် မကွေးတိုင်းကွပ်ကဲရေးရုံး၊ ခရိုင်တပ်ရင်းတပ်ဖွဲ့များထံ အလင်းဝင်ခဲ့သေးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး