မူဆယ်မြို့ ဟိုတယ် M2 ရှေ့ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေ၊ ၂ ဦးထိခိုက်ဒဏ်ရာရ

007

(မဇ္စျိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားသဖြင့် တဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

“ဆေးရုံနားက ဟိုတယ် M2 မှာဖြစ်တာ၊ ဟိုတယ်လာတည်းတဲ့စုံတွဲကို ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ၊ အဲဒီနှစ်ယောက်ရော ဟိုတယ်ဝန်ထမ်းပါ ထိတယ်၊ စုံတွဲထဲကအမျိုးသားက သေတယ်၊ အမျိုးသမီးက ပေါင်မှာဒဏ် ရာရတယ်၊ ဝန်ထမ်းကောင်လေးက ဗိုက်ကိုရှပ်ထိသွားတာတဲ့” ဟု မူဆယ်မြို့တွင် ရောက်ရှိနေသည့် သတင်းအရင်းအမြစ်တဦးက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်နှံံ့လာသည့် CCTV မှတ်တမ်းအရ စုံတွဲနှစ်ဦးနှင့် ဟိုတယ်ဝန်ထမ်းတို့ ဟိုတယ်ရှေ့၌ ရှိနေစဉ် ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် အနောက်မှထိုင်လိုက်လာသူက သေနတ်အတိုဖြင့် ပစ်ခတ်သွားသည်ကို တွေ့ရသည်။

“ပြည်သူ့စစ်တွေ အချင်းချင်းဖြစ်ကြတာလို့ ပြောတာပဲ၊ အရင်ကလည်း ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့ တခါချဖူးသေးတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်ကဆိုသည်။

ပစ်ခတ်ခံရသူ နှစ်ဦးမှာ အသက် ၃၀ကျော်အရွယ် မုန်းဝန်းတရုတ်လူမျိုးများဖြစ်ပြီး အမျိုးသားဖြစ်သူသည် နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ကာ အမျိုးသမီးဖြစ်သူမှာ ပြည်သူ့စစ်မိသားစုဝင်ဖြစ်ကြောင်း ဒေသတွင်းသတင်း များကဆိုသော်လည်း မဇ္စျိအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ၂၀ခန့်ရှိပြီး သြဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ