ဘူးသီးတောင် ခမရ (၅၅၂) တပ်ရင်းကို AA သိမ်းပိုက်၊ တမန်းသာ ရဲကင်းစခန်းမှ အင်အား ၁၀၀ ကျော် လက်နက်ချ

မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ

002

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ခမရ (၅၅၂) ကို မတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီး မောင်တောရှိ တမန်းသာရဲ ကင်းစခန်းမှ လက်နက်ချအညံ့ခံသော စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ရက္ခိုင့်တပ်‌တော် (AA) က ထုတ်ပြန်သည်။

ဘူးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၃၂ ရက်အကြာ မတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် စခန်းတခုလုံး သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ကြည်း၊ရေ၊ လေ ပူးပေါင်းခုခံခဲ့‌သော်လည်း စခန်းကိုသိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့်အတူ လက်နက်ချ အညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီးမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသည့် စကစများကို လိုက်လံဖမ်းဆီးလျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

ထို့ပြင် မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းမှ အင်အား ၁၀၀ ခန့်မှာ မတ် ၂၅ ရက်တွင် လက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း AA က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရဲကင်းစခန်း၊ တပ်စခန်းများကို AA က လပေါင်းများစွာကြာအောင် ဖြတ်တောက်ပိတ်ဆို့ထားပြီး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ တလနီးပါးကြာ ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်း အတာတခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရန်အတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိသည်ဟု AA က ဆိုသည်။

ရခိုင်‌ဒေသတွင်းရှိ စစ်ကောင်စီတပ်၏ လက်ကျန်စစ်စခန်းများကို တခုပြီးတခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း ရက္ခိုင့်တပ်တော်(AA) က ပြောသည်။

လက်နက်ချအညံ့ခံသူများကို ကောင်းမွန်စွာစောင့်ရှောက် ထားပြီး လက်ရှိအချိန်တွင် ရခိုင်နှင့် ပလက်ဝ‌ဒေသများမှ လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အရေအတွက် ထောင်နှင့်ချီ ရှိသည်ဟု AA က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

စာတည်း။ ။ နောင်နောင်