Ineos လျှပ်စစ်ကားကို မန်ယူရဲ့ ရက်ကလစ်ဖ် ထုတ်ဖော်ပြသ

By PK Thawn

မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်အသစ်ဖြစ်သူ ဂျင်မ်ရက်ကလစ်ဖ်ဟာ ၎င်းရဲ့ Ineos Group မှ ဗာရှင်းနှစ်မျိုးနဲ့ ထွက်လာမယ့် နောက်ဆုံးထုတ် 4×4 လျှပ်စစ်ကားကို သောကြာနေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ဗြိတိန် ဘီလီယံနာသူဌေးကြီးက လျှပ်စစ်ကားတွေနဲ့ ဆက်စပ်နေတဲ့ အကွာအဝေး ကန့်သတ်ချက်တွေကိုလည်း ဒီမိတ်ဆက်ပွဲမှာ ဝေဖန်သွားခဲ့ပါတယ်။

စီမံချက်အရ ၂၀၂၆ ထက် ၂၀၂၇ မှသာ စတင်ထုတ်လုပ်မယ့် Ineos Fusilier ကားဟာ Ineos Grenadier ကားထက် အနည်းငယ်သေးငယ်တဲ့ ဗားရှင်းဖြစ်မှာဖြစ်ပြီး Ineos ဟာ  Grenadier Quartermaster ပစ်ကပ်ထရပ်ကားဖြစ်တဲ့ ဒုတိယမော်ဒယ်လ်ပေါ် လုပ်ဆောင်နေပါတယ်။

အသက် ၇၁ နှစ်ရှိ ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ကို အသစ်တဖန်အောင်မြင်ဖို့ တွန်းအားပေးလုပ်ဆောင်သွားမယ့် ကတိနဲ့အတူ အင်္ဂလန်ဘောလုံးဘီလူးကြီးတွေရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာဖို့ ဒီသီတင်းပတ်အစောပိုင်းက သဘောတူညီမှုတရပ် ပြီးမြောက်ခဲ့ပါတယ်။ 

ကွင်းပြန်လည်တည်ဆောက်ခြင်းအပါအဝင် ယူနိုက်တက်မှာ သူ့ရဲ့ကွင်းပြင်ပအစီအစဉ်တွေနဲ့ ပတ်သက်လို့ သောကြာနေ့ရဲ့ ကားမိတ်ဆက်ပွဲမှာ AFP က မေးမြန်းရာမှာ ရက်ကလစ်ဖ်က “မန်ချက်စတာယူနိုက်တက်နဲ့အတူ အာရုံစိုက်မှုက တကယ့်ကို ရိုးရှင်းပါတယ်၊ အဲဒါက ကွင်းတွင်းစွမ်းဆောင်ရည်ပါပဲ။”လို့ ပြန်ပြောခဲ့ပါတယ်။

Ineos ရဲ့ အဓိက ဓာတုဗေဒပစ္စည်းများ စီးပွားရေးလုပ်ငန်းကြောင့် ဗြိတိန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ထဲက တဦးဖြစ်သူ ရက်ကလစ်ဖ်ဟာ ဘောလုံးနဲ့ စက်ဘီးစီးအသင်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ မော်တော်ကားတွေ ထုတ်လုပ်ခြင်းဖြင့် လုပ်ငန်းစုအဖြစ်  ၎င်းတို့ Group ကို မကြာသေးခင်နှစ်တွေအတွင်းက ပြောင်းလဲခဲ့တာပါ။

အားပြန်မသွင်းဘဲ ကားတွေဟာ ဘယ်လောက်ခရီးဝေးသွားနိုင်သလဲဆိုတာက အဖွဲ့ခွဲ Ineos Automotive ရဲ့ ကာဗွန်ထုတ်လွှတ်မှုကင်းစင်တဲ့ ကားတွေ ထုတ်လုပ်လိုတဲ့ ဆန္ဒကို အဟန့်အတားဖြစ်စေတယ်လို့ သူက သောကြာနေ့မှာ မှတ်ချက်ပြုခဲ့ပါတယ်။

‘လျှပ်စစ်ကားရဲ့ ချို့ယွင်းချက်ကြီး’

ဒါ့ကြောင့်ပဲ အဆိုပါ Fusilier ဟာ ဗားရှင်းနှစ်မျိုးဖြင့် လာမှာဖြစ်ပြီး အလုံးစုံ-လျှပ်စစ်(all-electric) မော်ဒယ်နဲ့ တခြားတခုက ဂျင်နရေတာစွမ်းအင်သုံး ဘက်ထရီနဲ့ ဆီတိုင်ကီ နှစ်မျိုးလုံးကို သယ်ဆောင်နိုင်တဲ့ range-extender အမျိုးအစားတို့ဖြစ်တယ်လို့ ရက်ကလစ်ဖ်က ကြေညာခဲ့တာပါ။

ရက်ကလစ်ဖ်က သူ့ရဲ့ တကိုယ်ရည် အကြိုက်မှာ နောက်ဆုံးဗားရှင်းဖြစ်တယ်လို့ လန်ဒန်မြို့လယ်ရှိ အရက်ဘားမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“ကျနော် လျှပ်စစ်ကား (အားလုံး-)နဲ့ ကြုံနေရတဲ့ ပြဿနာကြီးရှိတယ် … သူ့မှာ ကြီးမားတဲ့ ချို့ယွင်းချက် နှစ်ခုရှိပါတယ်”လို့ The Grenadier အရက်ဘားကို The Fusilier လို့ အမည်ပြောင်းထားတဲ့ ဆိုင်အပြင်ဘက်က အပြာရောင်ကား မိတ်ဆက်ပွဲအပြီး မကြာခင်မှာပဲ သူက ပြောပါတယ်။

“လျှပ်စစ်ကားတွေက မြို့ပြအတွင်း ခရီးတိုမှာ ကောင်းကောင်း လုပ်ဆောင်နိုင်တယ်… (ဒါပေမယ့်) ပိုရှည်တဲ့ ခရီးကို ခင်ဗျား သွားချင်တယ်ဆိုရင် A ကနေ B ထိ အကွာအဝေးအတွက် မသင့်လျော်ပါဘူး။ ပြန်အားဖြည့်ပေးလို့ မရနိုင်တာကြောင့်ပေါ့။ အဲဒါတွေက လျှပ်စစ်ကားရဲ့ အဓိကအားနည်းချက်နှစ်ရပ်ပါပဲ။”

“ကျနော့် တကိုယ်ရည်အရ အကြိုက်ဆုံးက အလားတူ လျှပ်စစ်ကားပါပဲ၊ ဒါပေမယ့် ဘက်ထရီကုန်သွားတဲ့အခါ အပိုပါဝါသုံးနိုင်တဲ့ range extender ကားပါ။”လို့ ရက်ကလစ်ဖ်က ထည့်ပြောခဲ့ပါတယ်။

Ineos က မော်ဒယ်သစ်ကို သြစတြီးယားရှိ ၎င်းရဲ့ Graz စက်ရုံမှာ automotive supplier ကုမ္ပဏီ Magna နဲ့ တွဲဖက်ထုတ်လုပ်မှာဖြစ်တယ်လို့ ပြောပါတယ်။

မူလက ပြင်သစ်မှာ ကားထုတ်လုပ်မယ်လို့ ထည့်သွင်းစဉ်းစားခဲ့တာပါ။

(AFP)