မင်းပြားရှိ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ နေရာအများစုကို AA က သိမ်းပိုက်

002

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ နေရာအများစုကို AA က သိမ်းပိုက်ထားပြီး သင်တန်းကျောင်းတခုလုံးကို သိမ်းပိုက် ရန် ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ရခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ယင်းလေ့ကျင့်ရေးသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၁၇ ရက် တည်းက AA က စတင်တိုက်ခိုက်နေပြီး ကိုးရက်‌မြောက်ထိုးစစ် တွင် သင်တန်းကျောင်းအစိတ်အပိုင်းများစွာကို သိမ်းပိုက်ထားခြင်း ဖြစ်သည်။
ရခိုင်အ‌ခြေစိုက် ဒေသတွင်းမီဒီယာအချို့တွင် တိုင်းဗဟိုလေ့ကျင့် ရေးသင်တန်းကျောင်းအား AA က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့၀င် ၂၀၀ ကျော်ထွက်ပြေးသွားသည်ဟု ရေးသားဖော်ပြလျက် ရှိသည်။

မင်းပြားတွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ခံတပ်မှာ အဆိုပါ သင်တန်းကျောင်းဖြစ်ပြီး သင်တန်းကျောင်းကိုသိမ်းပိုက်ပြီးပါက မင်းပြားတွင် စစ်ကောင်စီတပ်စခန်းများ လုံး၀ရှိတော့မည် မဟုတ်ပေ။
ထို့ပြင် ရမ်းဗြဲမြို့သို့ ဖေဖော်ဝါရီ ၂၄ ရက်က ရဟတ်ယာဉ်လေး စင်းဖြင့် စစ်ကူ ၁၂၀ ကျော် လာချပေးသည့် စစ်‌ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ကျော်ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ထပ်မံရှင်းလင်းခဲ့ သည်ဟု AA က ဆိုသည်။

စစ်ကူစစ်‌ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃)တပ်ရင်းတို့၏ ပူးပေါင်းစစ်ကူ စစ်ကြောင်းဖြစ်ပြီး စစ်ကူလာပေးသည့်နေ့မှာပင် AA က တိုက်ခိုက်ရာ အင်အား ၆၀ ကျော် သေဆုံးခဲ့သည်။

အလားတူ ရမ်းဗြဲမြို့သို့ Y-12 လေယာဉ်အမျိုးအစားဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီ ၂၆ ရက်၊ နေ့လည်ပိုင်းတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များထံ လာချခဲ့သော်လည်းပစ္စည်းများကို AA က သိမ်းဆည်းရမိခဲ့သည်။

ရခိုင်တွင် AA က ဆက်လက်ထိုးစစ်ဆင်နေသည့် နေရာများမှာ ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀)တပ်ရင်းဌာနချုပ်၊ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်းစခန်း၊ ဘူးသီးတောင် မြို့နယ်၊ သရဖီကျေးရွာအနီးရှိ ခမရ (၅၅၂)တပ်ရင်းတို့ဖြစ်သည်။

အဆိုပါတပ်ရင်းများကို နေ့စဉ်တိုက်ခိုက်နေပြီး သိမ်းပိုက်နိုင်ရန် ရခိုင့်တပ်တော်က ထိုးစစ်ဆင်နေသည်။