စစ်ခေါင်းဆောင် သစ္စာခံတို့ရဲ့သွားရာလမ်း 

ဓားရိုင်း

စစ်ခေါင်းဆောင်ကို သစ္စာခံသူတွေရဲ့သွားရာလမ်းက မရဏလမ်းနဲ့ အချုပ်ထောင်ပဲရှိတယ်ဆိုတာ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေကသက်သေပြသွားခဲ့ပါတယ်။ လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်တွေထဲကသုံးယောက်ကို အင်းစိန်ထောင်ရွှေ့ပြောင်းလိုက်တဲ့သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက  ထွက်ပေါ်လာခဲ့တာပါ။ သေဒဏ်ကျအကျဉ်းသားတွေအဖြစ် အင်းစိန်ထောင်ကို အပို့ခံရသူတွေကတော့ ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ်ဟောင်း မိုးကျော်သူ၊ အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးချုပ်ဟောင်း အောင်ဇော်လင်း နဲ့ စစ်ဗျူဟာအဖွဲ့အခြေချ(ကွတ်ခိုင်)က ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီးဟောင်း သိန်းအောင်စိုးတို့ ဖြစ်ပါတယ်။ တချို့သတင်းတွေမှာတော့ ဗိုလ်မှူးကြီး ဟောင်း သိန်းအောင်စိုး နေရာမှာ အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဟောင်း ဗိုလ်မှူးချုပ်ဟောင်း ဇော်မျိုးဝင်း ကိုဖော်ပြထားတာတွေ့ရပါတယ်။ သူတို့အရင် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ခေတ္တဥက္ကဋ္ဌဟောင်း ဗိုလ်မှူးချုပ်ဟောင်း ထွန်းထွန်းမြင့်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ရဲ့ ဒုတိယ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်မှူးကြီးဟောင်း ကျော်မိုးလွင် နဲ့ အမှတ်(၁၆) ခြေလျင်တပ်မဟာမှူး ဟောင်း ဗိုလ်မှူးချုပ်ဟောင်း သော်ဇင်ဦးတို့ကို ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက အင်းစိန်ထောင်ကိုပို့ထားခဲ့တာဖြစ် ပါတယ်။ အခုနောက်ဆုံး ဗိုလ်မှူးချုပ်ဟောင်း ထွန်းထွန်းမြင့်ကိုတော့ ဒိုက်ဦးထောင်ကို ပြန်ရွှေ့ထားတယ်လို့လည်း သိရပါတယ်။ လောက်ကိုင်မှာ ကိုးကန့်တပ်ဖွဲ့(MNDAA)ထံ လက်နက်ချခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေကို တပ်မတော် အက် ဥပဒေပုဒ်မ ၃၂(က)နဲ့ သေဒဏ်ကျခံစေဖို့ စစ်ကောင်စီရဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။  

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ၊ ပုဒ်မ ၃၂ (က)မှာ ပြဋ္ဌာန်းထားတာကတော့ “မိမိအား လွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန် တာဝန်ဝတ္တရားရှိသော မြို့စောင့်တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ နေရာ၊ သင်္ဘော၊ သို့တည်းမဟုတ် ကင်းတစ်ခုခုကို ရှက်ဖွယ်ကောင်းစွာ စွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ရန် တပ်မှူးတစ်ဦးဦးအားသော်လည်း ကောင်း၊ အခြားသူတစ်ဦးဦးအားသော်လည်းကောင်း၊ အတင်းအကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်းဖြားယောင်းရန် ဖြစ်စေ၊ မည်သည့် နည်းမျိုးကိုမဆို အသုံးပြုလျှင်” သေဒဏ်ထိုက်တဲ့ ပြစ်မှုဖြစ်တယ်လို့ဆိုထားပါတယ်။ အခု နောက်ဆုံး အင်းစိန်ထောင်ပို့လိုက်တဲ့ သေဒဏ်ကျ ဗိုလ်မှူးချုပ်ဟောင်း နှစ်ယောက်နဲ့ ဗိုလ်မှူးကြီးဟောင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် တပ်ရင်းတွေနဲ့ သင်တန်းကျောင်းတွေမှာ သီးခြားစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း မိုးကျော်သူကို အမှတ် (၆၂၆) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း၊ ဗိုလ်မှူးချုပ် ဟောင်း အောင်ဇော်လင်းကို အမှတ်(၄) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းနဲ့ ဗိုလ်မှူးကြီးဟောင်း သိန်း အောင်စိုးကို အမှတ်(၉၁၂) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတို့မှာ စစ်ခုံရုံးနဲ့ အမိန့်ချပြီးနောက် အင်းစိန်ထောင်ကို ပို့လိုက်တာဖြစ်ပါတယ်။ သူတို့သုံးယောက်ကို နိုင်ငံရေးအကျဉ်းသားတွေသေဒဏ်ပေးရာမှာ နာမည်ဆိုးနဲ့ကျော် ကြားတဲ့ အင်းစိန်ထောင်က အထူးဆောင် (၁၀)ခန်းတွဲတိုက်၊ အခန်းအမှတ် (၁၊ ၂၊ ၄) တို့မှာ သီးခြားစီ ထိန်းသိမ်း ထားတယ်လို့ အကျဉ်းဦးစီးဌာနတွင်း ပေါက်ကြားလာတဲ့သတင်းတွေအရသိရပါတယ်။ စစ်ကောင်စီ အထိနာခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်းမှာ စစ်ကောင်စီဘက်က ဒေသကွပ်ကဲမှုစစ် ဌာနချုပ်၊ အခြေချစစ်ဗျူဟာတွေ၊ တပ်ရင်းတွေ အပါအဝင် စစ်စခန်း ရာနဲ့ချီပြီး စွန့်လွှတ်ခဲ့ရတဲ့အပြင် ရှမ်းပြည် နယ်မြောက်ပိုင်းက မြို့ပေါင်း ၇ မြို့ကိုလည်း လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။  

အဲဒီမြို့တွေထဲမှာ လောက်ကိုင်မြို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း အပါအဝင် ဗိုလ်မှူးချုပ် ခြောက်ယောက်နဲ့ အရာရှိ၊ စစ်သည်အင်အား စုစုပေါင်း ၂၁၀၀ ကျော်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်က ကိုးကန့်တပ်ဖွဲ့(MNDAA)ဆီမှာ လက်နက်ချအညံ့ခံခဲ့ကြတာဖြစ်ပါတယ်။ လက်နက်ချအညံ့ခံခဲ့ တာနဲ့ပတ်သက်လို့ နေပြည်တော်ကထိပ်ပိုင်းခေါင်းဆောင်တွေကြားမှာ အကြီးအကျယ်သဘောထားကွဲလွဲခဲ့ကြတာ တာဖြစ်ပါတယ်။ နေပြည်တော်က ခွင့်ပြုချက်နဲ့ လက်နက်ချခဲ့တာ၊ ခွင့်ပြုချက်မယူဘဲ ကိုယ့်သဘောဆန္ဒအရလက် နက်ချခဲ့တာဆိုတဲ့ သတင်းတွေ မျိုးစုံထွက်ခဲ့တာပါ။ လောက်ကိုင်မှာ တပ်မှူးတွေ လက်နက်ချမှုဟာ တပ်မိသားစု ဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဥ်းစားခဲ့တာလို့ စစ်ကောင်စီဘက်က အစောပိုင်းမှာထုတ်ပြောခဲ့ပေယ့် ပန်ဆန်း ညစာစားပွဲမှာ အဲဒီဗိုလ်မှူးချုပ်တွေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေ တစ်ဝိုင်းတည်းထိုင်ပြီး ညစာစားနေ တဲ့ပုံတွေထွက်ပေါ်လာပြီးနောက် အခြေအနေပြောင်းလဲသွားခဲ့တာလည်းဖြစ်ပါတယ်။ လက်နက်ချခဲ့တဲ့ ဗိုလ်မှူး တွေအနေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေဆီမှာ ခိုလှုံခွင့်ရမယ့်အနေအထားရှိခဲ့ပေမယ့် စစ်ကောင်စီဘက် ကိုပြန်သွားဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်ခေါင်းဆောင်အပေါ် သူတို့သစ္စာမပျက်ဘူးဆိုတာ ကိုသက်သေပြချင်လို့ဖြစ်ပါတယ်။ ဒါပေမဲ့ လောက်ကိုင်ကနေ လာရှိုး(ဒကစ)ကိုပြန်ရောက်ပြီးမကြာခင်မှာပဲ အဲဒီ စစ်ဗိုလ်ချုပ်တွေကို နေပြည်တော်ခေါ်ယူပြီး အကျဉ်းချခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စစ်ခေါင်းဆောင်အမိန့်နဲ့ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဒီလို လောက်ကိုင်မြို့မကျရေးအတွက် နောက်ဆုံးအချိန်ထိ တောင့်ခံခဲ့ပြီး ဘာစစ်ကူမှမရတော့ချိန်ရောက်မှ စစ်သည်တွေနဲ့ စစ်သည်မိသားစုဝင်တွေအပေါ် လူသားချင်းစာနာမှုထားကာ လက်နက်ချဖို့ဆုံးဖြတ်ချက်ချခဲ့သူတွေကို သေဒဏ်ထိုက်စေခဲ့တာကိုကြည့်ရင် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်အတွက် ယူတတ်ရင် သင်ခန်းစာပါပဲ။ 

စစ်ခေါင်းဆောင်ဟာ သူ့အတွက်အာဏာတည်မြဲဖို့ဆိုရင် လက်ရင်းတပည့်တွေကိုတောင် ထိုးကြွေးဖို့ဝန်မလေးဘူး ဆိုတာ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)ဟောင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့နဲ့ သက်သေပြထားခဲ့ပြီးလည်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ စစ်ကောင်စီအတွင်း အဂတိမှု တွေနဲ့ငြိစွန်းပြီး ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတာဖြစ်ပါတယ်။ မိုးမြင့်ထွန်းဆိုရင် ထောင်ဒဏ်တစ်သက်တစ် ကျွန်းအထိချမှတ်ခံထားရတာဖြစ်ပါတယ်။ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံထားရတဲ့ စိုးထွဋ်ကိုတော့ ကျန်းမာရေးအခြေ အနေကြောင့် နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထားထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ စစ်ခေါင်းဆောင် အာဏာသိမ်းနိုင်ဖို့အတွက် အကွက်ကွက်ကျကျ စီမံပေးခဲ့သူတွေလည်းဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေတောင်ကို စစ် ခေါင်းဆောင်က သူ့အတွက်ချနင်းဖို့ ဝန်မလေးတာကိုကြည့်ရင် တခြားအဆင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆိုရင် ပုရွက်ဆိတ် အမှုန့်ချေခံရသလို အချိန်မရွေး အလွယ်တကူပဲ နင်းချေခံရမှာသေချာပါတယ်။ စစ်အင်အား တဖြည်း ဖြည်းပြုန်းတီးလာနေပြီး စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင်ဟာ သူ့အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်လာမယ့် သဘောမှာရှိနေတာပါ။ အခုနောက်ဆုံး စစ်မှုမထမ်း မနေရဥပဒေကိုထုတ်ပြန်လာခဲ့သလို စစ်မှုထမ်းဟောင်းတွေ ကိုလည်း အရန်တပ်ဖွဲ့မှာ ဆက်လက် တာဝန်ထမ်း ထောင်ရမယ့် ဥပဒေကိုထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်။ ဒီဥပဒေတွေထုတ်ပြန်လာပြီးနောက်ပိုင်း ပြည်သူတွေကြားမှာသာမက စစ်ကောင်စီတပ်တွင်းမှာကိုပါ အတော်လေး ဂယက်ရိုက်နေခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တပ် တွင်း အုံကြွမှုတွေ မဖြစ်နိုင် ဘူးလို့လည်း မပြောနိုင်ပါဘူး။ တချို့စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေဆိုရင် သူတို့ရဲ့ သားသမီး မြေးမြစ်တွေကို ပြည်ပနိုင်ငံတွေဆီ နည်းလမ်းအမျိုးမျိုးနဲ့ ပို့နေကြပြီဖြစ်ပါတယ်။ တပ်တွင်းက အခြားအဆင့်နဲ့ ငွေကြေးမတတ်နိုင်သူတွေရဲ့ သားသမီး မြေးမြစ်တွေကတော့ အတင်းအကြပ် စစ်မြေပြင်ကို အပို့ခံ ရတော့မယ့် အခြေအနေဖြစ်ပါတယ်။ လက်ရှိ အာဏာသိမ်း သုံးနှစ်ကျော်ကာလမှာ စစ်ကောင်စီကို တော်လှန်နေ တဲ့ တော်လှန်ရေး တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့အရှိန်အဟုန်ဟာ တဖြည်းဖြည်း အင်အားကြီးမားလာနေပြီး နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကျော် စိုးမိုးထားနိုင်ခဲ့ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောထားပါတယ်။ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့နောက်ဆုံးနည်းလမ်းတွေကိုထုတ်သုံး နေခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီ ဘက်တော်သားတွေသိထားရမှာကတော့ စစ်ခေါင်းဆောင်ရဲ့သစ္စာခံ တွေသွားရာလမ်းဟာ မရဏလမ်းနဲ့ အချုပ်ထောင်ပဲရှိတယ်ဆိုတာဖြစ်ပါတယ်။