မလေးရှားရှိ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ရန် လုပ်ဆောင်ရာတွင် အခက်ကြုံ

ဖေဖော်ဝါရီလကုန်ပိုင်းက မလေးရှားနိုင်ငံမြန်မာသံရုံးရှိ မြန်မာနိုင်ငံသားများကိုတွေ့ရစဉ်။

ကီရာ

(မဇ္ဈိမ)။ ။ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာသားများ နေရပ်ပြန်ရန် လုပ်ဆောင်ရာတွင် အခက်ကြုံနေရသည်ဟု မလေးရှာနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး လိုက်ပါကူညီနေသူများက ပြောသည်။

“လူတွေကို သက်သက်ဒုက္ခပေးနေတာ မူရင်းစာရွက်(သက်သေခံလက်မှတ်)ကို ထုတ်မပေးဘူး။ မူရင်းစာရွက် မထုတ်ပေးတော့ လေယာဉ်လက်မှတ် ဖြတ်လို့မရဘူး”ဟု နေရပ်ပြန်ရန် လုပ်ဆောင်နေသည့် မလေးရောက် မြန်မာနိုင်ငံသားတဦးက ပြောသည်။

အဆိုပါ သက်သေခံလက်မှတ်ကို မြန်မာသံရုံးတွင် ထုတ်ယူရာ၌ အပြန်လေယာဉ်လက်မှတ်ကို သံရုံးမှ ကိုယ်စားလှယ်ပေးထားသည့် MAI လေကြောင်းလိုင်း လက်မှတ်ဖြတ်မှသာလျှင် ရွှေ့ပြောင်းလုပ်သား သက်သေခံလက်မှတ်ကို ထုတ်ပေးသည်ဟု ဆိုသည်။

“လေယာဉ်လက်မှတ်ကို အသည်းအသန် ဖြတ်ရတာ။ အမှန်တော့ ဘယ်လိုင်းက ဈေးသက်သာမလဲ လိုက်ရှာ။ ကိုယ်အဆင်ပြေတဲ့ရက်လေးကို အေးဆေးရွေးပြီး ဝယ်ရမှာ။ သံရုံးကိုလာရင် တခေါက်ကနေ နှစ်ခေါက်ဆိုရင် ကုန်ကျစရိတ်တွေက များတယ်။ ရဲဖမ်းမှာလဲ ကြောက်ရတယ်”ဟု မြန်မာနိုင်ငံသားတဦးကပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် Myanmar Airways International (MAI)မှ အရောင်း ကောင်တာဖွင့် ရောင်းချနေပြီး လေယာဉ်လက်မှတ် မဝယ်ယူပါက သက်သေခံလက်မှတ် မိတ္တူကိုသာပေးကာ လေယာဉ်လက်မှတ်ဝယ်ပြီးကြောင်း ပြနိုင်မှသာ မူရင်းစာရွက်ကို ထပ်မံလာရောက် ယူဆောင်ရမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

သက်သေခံလက်မှတ် (Certificate of Identity)ကို ရယူပြီး အဆိုပါလက်မှတ်နှင့် အပြန် လေယာဉ်လက်မှတ်ကို ပြနိုင်ပါက မလေးရှား လူဝင်မှုကြီးကြပ်ရေးတွင် ဒဏ်ကြေးငွေ ရင်းဂတ် ၅၀၀ ပေးဆောင်၍ လေယာဉ်ဖြင့် တရားဝင် နေရပ်ပြန်ခွင့် ရရှိမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာသံရုံးမှ ဝယ်ယူခိုင်းသည့် လေယာဉ်လက်မှတ်‌ ဈေးနှုန်းသည် ရင်းဂစ် ၇၅၀ရှိပြီး တခြားပြင်ပ လေကြောင်းလိုင်းများသည် ရင်းဂစ် ၃၀၀ မှ ၅၀၀ ကြားသာ ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

မလေးရှားနိုင်ငံကို တရားမဝင်ရောက်ရှိလာသူများနှင့် မလေးရှားရှိ မြန်မာသံရုံးတွင် မှတ်ပုံတင်မူရင်း (သို့)မိတ္တူပြ၍ ပတ်စပိုစ့်အသစ် ထပ်မံလျှောက်ထားဖူးခြင်း မရှိသူများက ယခုနေရပ်ပြန်ရန်အတွက် သက်သေခံလက်မှတ် (Certificate of identity)ကို လာရောက် ထုတ်ယူကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ပတ်စပိုစ့်စာအုပ် သက်တမ်းတိုးရင်လဲ အခွန်အပြင် အိုဗာစတေးနေလို့ ဒဏ်ငွေဆိုပြီး ထပ်ကောက်သေးတာ။ တကယ်ဆို အိုဗာစတေးဆိုတာ သူတို့နဲ့ ဘာမှမဆိုင်ဘူးလေ။ မလေးရှားအစိုးရဘက်ကပဲ ဒဏ်ကြေးယူသင့်တာ။အခုက မြန်မာသံရုံးကလဲ ဒဏ်ကြေးယူ မလေးရှားအစိုးရဘက်ကလဲ ယူဆိုတော့ ပတ်စ်ပိုစ့်ထုတ်ပြီး တရားဝင်ပါမစ်ကပ်တဲ့အခါ မလိုအပ်ဘဲ ကုန်ကျစရိတ်တွေက ပိုများကုန်တာ”ဟု မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအား ကူညီပေးနေသူ ကိုသက်ထွန်းက ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံတွင် ပတ်စပိုစ့်စာအုပ်အတွက် ယခင်က စုစုပေါင်း ရင်းဂစ် ၂၈၀သာကုန်ကျပြီး လက်ရှိတွင် အခွန်အဖြစ် ရင်းဂစ် ၁၈၀၊ ပတ်စပိုစ့်စာအုပ်ဖိုး ၂၅၀၊ ဒဏ်ကြေး ၅၅၀ ကို မြန်မာသံရုံးတွင် ပေးဆောင်ရသည်ဟု ၎င်းကပြောသည်။

ပတ်စပိုစ့်စာအုပ်ရပါကလည်း တရားဝင်အလုပ်ပါမစ် လုပ်ဆောင်ရန် မလေးအစိုးရမှ သတ်မှတ်ထားသည့် ဒဏ်ကြေး ရင်းဂစ် ၁၅၀၀နှင့် အခြားဝန်ဆောင်မှုဆိုင်ရာ ကုန်ကျငွေများလည်း ရှိသည်ဟု ၎င်းကရှင်းပြသည်။

လတ်တလော နေရပ်ပြန်မည့်သူများသည် ကျန်းမာရေးမကောင်းသူများ၊ အလုပ်အကိုင် အဆင်မပြေသူများ၊ အဖမ်းခံရမည်ကို ကြောက်သည့်အတွက် ပြန်မည့်သူများနှင့် မိသားစု အရေးကြီးကိစ္စရှိ၍ ပြန်မည့်သူများသာ ဖြစ်သည်ဟု ကိုသက်ထွန်းက ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်နေသည့် နိုင်ငံခြားသားများ မူရင်းနိုင်ငံသို့ ပြန်နိုင်ရန် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) သက်သေခံလက်မှတ်နှင့် အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးများတွင် ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်၍ ၁၄ရက်အတွင်း မလေးရှားနိုင်ငံမှ ပြန်လည်ထွက်ခွာနိုင်ခွင့်ကို ၂၀၂၄ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ ခွင့်ပြုပေးထားခြင်းဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ