တရုတ်၏ ဖိနှိပ်မှုများကို ရပ်တန့်ရန် တိဘက်လူထုအုံကြွမှုနှစ်ပတ်လည်နေ့တွင် တိဘက်အစိုးရ တောင်းဆို

၆၅ နှစ်မြောက် တိဘက်လူထုအုံကြွမှုနှစ်ပတ်လည်နေ့အခမ်းအနားတွင် အဝေးရောက်တိဘက်အစိုးရအဖွဲ့နှင့် ဧည့်သည်တော်များအား တွေ့ရစဉ်။

Devdiscourse

အဝေးရောက်တိဘက်အစိုးရက ၆၅ နှစ်မြောက် တိဘက်လူထုအုံကြွမှုနှစ်ပတ်လည်နေ့ကို မတ်လ ၁၀ရက်က ဒါရမ်ဆလာမြို့တွင်ကျင်းပခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက် စီးမှုများ အပါအဝင် တိဘက်တွင် တရုတ်၏ ရက်စက်မှုများကို ဖော်ပြခဲ့သည်။

တိဘက်အမျိုးသမီးအဖွဲ့ အထွေထွေအတွင်းရေးမှူး ကယ်လ်ဆန်ဒိုမာကလည်း နိုင်ငံရေးအကျဉ်းသား များကို ခြွင်းချက်မရှိ လွှတ်ပေးရန် တရုတ်အစိုးရကို တောင်းဆိုခဲ့သည်။

ယင်းအခမ်းအနားကို တိဘက်ဗဟိုအစိုးရအဖွဲ့ (CTA)က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ သြစတြေးလျနှင့် ဂျာမနီမှ ပါလီမန်အမတ်များနှင့် အခြားအကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။ ပဋိပက္ခအတွက် အလယ်အလတ်လမ်းစဉ်ကို ထောက်ခံကြောင်းလည်း ဖော်ပြခဲ့သည်။

ဧည့်သည်တော်များတွင် အထက်လွှတ်တော်အမတ် အန်ထော်နီစမစ်၊ အထက်လွှတ်တော်အမတ် အိုနေး၊ မက်ကော်မက်၊ လွှတ်တော်အမတ် ဒေးဗစ်စမစ် နှင့် လွှတ်တော်အမတ် ကားလ်ဘန်ဦးဆောင်သော ဂျာမနီအဖွဲ့နှင့် ထိုင်ဝမ်နှင့် ထိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တိဘက်လူငယ်ကွန်ဂရက်ဥက္ကဋ္ဌ ဂွန်ပိုဒန်အက်က တိဘက်တွင် ဆက်လက်ဖြစ်ပေါ်နေသည့် ခုခံဆန့် ကျင်မှုများကို အလေးထားဖော်ပြခဲ့သည်။

” ၆၅ နှစ်မြောက် တိဘက်လူထုအုံကြွမှုနှစ်ပတ်လည်နေ့ကို ကမ္ဘာတဝန်းက တိဘက်ထောက်ခံသူတွေ အားလုံးက စောင့်ကြည့်နေကြပါတယ်။တရုတ်ကလဲ ကျွန်တော်တို့ရဲ့ အသံတွေကို နားထောင်ရမယ်။ တိဘက်ပြည်တွင်းက ညီအစ်ကို မောင်နှမတွေရဲ့ တွန်းလှန်မှုတွေ အဆက်မပြတ်ရှိနေပါတယ်။ ” ဟု ၎င်းက ANI သို့ ပြောကြားခဲ့သည်။

တိဘက်အမျိုးသမီးများအစည်းအရုံး အထွေထွေအတွင်းရေးမှူး ကယ်လ်ဆန်ဒိုမာက တရုတ်တွင် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုခဲ့သည်။

တိဘက်တွင် ရေကာတာတည်ဆောက်သည်ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သဖြင့် စီချွမ်ပြည်နယ်တွင် ဖမ်းဆီးခံထားရသော တိဘက်လူမျိုးများ လွတ်မြောက်ရေးအတွက် ဖေဖော်ဝါရီ လအစောပိုင်းတွင် ဗီယင်နာမြို့ရှိ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက်တိဘက်များက ဆန္ဒပြခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

စီချွမ်ပြည်နယ်ရှိ တိဘက်လူမျိုးများနှင့် တသားတည်းရှိကြောင်း ဖော်ပြကာ ရာနှင့်ချီသော တိဘက်ဘုန်း တော်ကြီးများနှင့် ရွာသားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

ဇန်နဝါလတွင်လည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပနေသော တိဘက်အထောက် အကူပြုအဖွဲ့များ၏ ကိုးကြိမ်မြောက် နိုင်ငံတကာညီလာခံကို ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၄ ကျော်မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။