အက်ကြောင်းထလာသော တရုတ်၏ စီးပွားရေး မျက်နှာစာ

AIER:-

တရုတ်သည် စီးပွားရေးအရ အမေရိကန်ကို ကျော်တက်သွားနိုင်ကြောင်း နိုင်ငံရေးနယ်ပယ်မှ မကြာသေးမီက သတိပေးခဲ့ကြသည်။ အမေရိကန်အနေဖြင့် အဆိုပါစိန်ခေါ်မှုကြီးကိုမှ ကာကွယ်ရန် ၂၁ ရာစု အမေရိကန်ဦးစားပေး စက်မှုလုပ်ငန်းမူဝါဒကို ချမှတ်ရန်ပင် လွှတ်တော်အမတ်တဦးက တိုက်တွန်းခဲ့သည်။

အဆိုပါပြောဆိုချက်များသည် စက်မှုလုပ်ငန်းတွင် အစိုးရက ကြားဝင်ဆောင်ရွက်သည့် ဂျပန်နိုင်ငံ၏ စက်မှုလုပ်ငန်းမူဝါဒမျိုး အမေရိကန်တွင် ချမှတ်ခြင်းမရှိပါက လွန်ခဲ့သည့် နှစ်လေးဆယ်အကြာက ၎င်းစစ်နိုင်ခဲ့သည့် နိုင်ငံတနိုင်ငံ၏ စီးပွားရေးအရ လွှမ်းမိုးမှုကို ခံရနိုင်ကြောင်း ၁၉၈၀ ပြည့်နှစ်များတွင် စာအုပ်စာတမ်းများစွာက သတိပေးမှုကို ပြန်လည်ပြောဆိုနေခြင်းနှင့် ဆင်တူနေသည်။

သို့သော် ၁၉၉၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးသည် တုံ့ဆိုင်းသွားမှုနှင့်ကြုံရသည့် ဆယ်စုနှစ်ကာလသို့ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ငွေကြေးမူဝါဒ အားနည်းချို့ယွင်းချက်များကြောင့်သာမက စက်မူရေးရာ မူဝါဒများမှတဆင့် စီးပွားရေးတွင် အစိုးရက အလွန်အမင်း ကြားဝင်စွက်ဖက်မှုတို့ကြောင့် ဖြစ်သည်။ ထိုအချက်ကို ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၀၂ ခုနှစ်တွင် ဝန်ခံခဲ့သည်။

မျက်မှောက်ခေတ် တရုတ်နိုင်ငံတွင်လည်း အလားတူပုံစံမျိုး ဖြစ်ပေါ်နေပုံရသည်။ တရုတ်၏ စီးပွားရေး အရှိန်အဝါများ မှေးမှိန်လာနေပြီး တရုတ်ကြုံတွေ့နေရသည့် စီးပွားရေးပြဿနာများသည် ကွန်မြူနစ်အစိုးရ၏ ထိန်းချုပ်ရေး မူဝါများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်ရင်ဆိုင်နေရသည့် အကြီးမားဆုံး ပြဿနာတရပ်မှာ အချိန်ကိုက် ပေါ်ပေါက်လာသည့် လူဦးရေအချိုးအစား မညီမျှမှု ပြဿနာဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ တအိမ်ထောင် ကလေးတယောက်မူဝါဒကို ကျင့်သုံးခဲ့သည့်အတွက် ယခုအခါ တရုတ်သည် နိုင်ငံကအားထားရမည့် လူငယ်ဦးရေထက် သက်ကြီးရွယ်အိုဦးရေက ပိုများခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနေရသည်။ ထို့ကြောင့် ပင်စင်၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် အသုံးစရိတ် မြင့်တက်လာပြီး သုတေသန၊ အခြေခံအဆောက်အအုံနှင့် ကာကွယ်ရေး ကဲ့သို့သော နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာစေသည်။ ယခုအခါ တအိမ်ထောင်လျှင် ကလေးသုံးယောက်ယူရန် အစိုးရက တိုက်တွန်းနေခြင်းမှာ အံဩဖွယ်ရာ မဟုတ်ပေ။ သို့သော် လူဦးရေအချိုးအစား ပြောင်းလဲရေးမှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ တရုတ်နိုင်ငံသည် ချမ်းသာကြွယ်ဝမှုကို မရရှိမီ အိုမင်းရင့်ရော်မှုနှင့် ကြုံတွေ့ရနိုင်ခြေရှိကြောင်း ပြည်ပပညာရှင် ရိုင်ယန်ဟက်စ်က မှတ်ချက်ပေးထားသည်။

တရုတ်နိုင်ငံသည် လူဦးရေးအချိုးအစားမညီမျှမှု ပြဿနာသာမက အခြားသော စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ရုတ်နိုင်ငံသည် အစိုးရက လွန်ကဲစွာ ထိန်းချုပ်သည့် စီးပွားရေးမူဝါဒများကို ကျင့်သုံးရန် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ၏ အကျိုးဆက်ကို ခါးစည်းခံနေသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)မှာ နမူနာဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်မှစ၍ ကမ္ဘာတဝှမ်း အခြေခံအဆောက်အအုံစီမံကိန်းများကို တိုးချဲ့ဖော်ဆောင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါသည်ဟု ၎င်းယူဆသည့်နိုင်ငံများတွင် ဆောင်ရွက်နေခြင်းဖြစ်သည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) စတင်ကတည်းက ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် ရင်ဆိုင်နေရသည်။ ၂၀၁၅ ခုနှစ် ခန့်ကတည်းက တရုတ်အစိုးရဘဏ်များသည် BRI စီမံကိန်းတွင် ပါဝင်မှု လျှော့ချလာခဲ့ပြီး ပုဂ္ဂလိကဘဏ်များသည်လည်း ၎င်းမှ ဝေးဝေးရှောင်ရန် ကြိုးပမ်းလာကြသည်။ BRI စီမံကိန်းကို တာဝန်ယူရသော တာဝန်ရှိသူများ လာဘ်စားသည့် သက်သေများလည်း တွေ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ရှီကျင့်ဖျင် အာဏာရလာပြီးနောက်ပိုင်း တရုတ်တွင် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည့် ရင်းနှီးမြှုပ်နှံမှုများကို ညွှန်ကြားရာတွင် အစိုးရက အလွန်အကျွံပါဝင်လာခဲ့သောကြောင့် ထိုပြဿနာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစိုးရဘဏ်များသည် ကျွမ်းကျင်မှုနည်းပါးပြီး အလုပ်မဖြစ်သည့် အစိုးရပိုင်ကုမ္ပဏီများထံသို့ ငွေထုတ်ချေးသည့်အတွက် အရင်းအနှီးများကို လွဲမှားစွာ ခွဲဝေပေးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။

တရုတ်နိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြား အောင်မြင်မှုမရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ဒေါ်လာ ခြောက်ထရီလီယံခန့် အလဟသ ပြုန်းတီးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဝန်ခံထားသည်။ ဆက်စပ်ပြဿနာတရပ်မှာ ထောက်ပံ့ကြေးများ၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုများနှင့် အတိုးနှုန်းနည်းပါးသည့် ချေးငွေများမှတဆင့် တရုတ်၏ စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒကို လွဲမှားစွာ အသုံးပြုခြင်းဖြစ်သည်။ သတ်မှတ် စီးပွားရေးကဏ္ဍတရပ်ရပ်တွင် ငွေကြေးပုံအောရင်းနှီးမြှုပ်နှံမည်ဆိုပါက အောင်မြင်မှုရလဒ်များ မြင်တွေ့ရမည်ဖြစ်သည်။ သို့သော် တပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍ၊ 3G မိုဘိုင်းနည်းပညာ၊ ပြည်တွင်းတွင် လေယာဉ်နှင့် ကားထုတ်လုပ်ရေးလုပ်ငန်းများကဲ့သို့သော နယ်ပယ်များရှိ ကြီးကြီးမားမား ဆုံးရှုံးမှုများနှင့်ပတ်သက်၍ တရုတ်စက်မှုဆိုင်ရာမူဝါဒများကို ဆန်းစစ်လေ့လာမှုများတွင် ဖော်ထုတ်ထားသည်။

ယင်းအချက်များကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကြားတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လာပြီး တရုတ်စီးပွားရေးမူဝါဒချမှတ်သူများအတွက် နောက်ထပ်စိန်ခေါ်မှုတရပ်ကို ကြုံတွေ့စေခဲ့သည်။ တရုတ်၏ စီးပွားရေးအနာဂတ်အလားအလာအပေါ် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ယုံကြည်မှုကျဆင်းလာခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ကျဆင်းသွားစေသည်။

အဆိုပါအချက်များကိုကြည့်ပြီး တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ်များတွင် ဂျပန်နိုင်ငံကြုံခဲ့ရသည့် စီးပွားရေးတုံ့နှေးမှု အခြေအနေမျိုး ကြုံတွေ့ရမလား၊ မတွေ့ရဘူးလားဆိုတာ ပြောရန်စောလွန်းနေသေးသော်လည်း အမေရိကန် မူဝါဒချမှတ်သူများအနေဖြင့် နိုင်ငံတော်လုံခြုံရေးကို ဦးစားပေးသည် ဖြစ်စေ၊ ကုန်သွယ်ရေးကို ဦးစားပေးသည်ဖြစ်စေ တရုတ်နှင့်ဆိုင်သည့် ၎င်းတို့၏ ချဉ်းကပ်မှုပုံစံကို ပြန်လည် ချိန်ညှိရမည် ဖြစ်သည်။