ရွှေဘိုတွင် ပျူခေါင်းဆောင်၏ မော်တော်ယာဉ်ကို ပစ်ခတ်ရာ ၃ ဦး သေဆုံး

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြင်းချင်ကျေးရွာ မှ ပျူစောထီးခေါင်းဆောင် ထွန်းနိုင် အပါအဝင် သုံးဦး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်ကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်တ်ခဲ့ရာ ယာဉ်ပေါ်ပါ သုံးဦးလုံး သေဆုံးသွားပြီး သေနတ်တလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့ မနက် ၉နာရီ ၂၀မိနစ်အချိန်တွင် မြင်းချင်ကျေးရွာမှ အိမ်စီးကာအဖြူနှင့် ထွက်လာသည့် ပျူခေါင်းဆောင် ထွန်းနိုင်နှင့်အဖွဲ့ကို ရွှေဘို ရေဦးလမ်းပိုင်း ကျွန်းတောအနီးတွင် အသင့်စောင့် ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုအားမာန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ အတွင်း သတင်းရရှိပါသောကြောင့် အဲ့ဒီပျူတွေ ထွက်မဲ့လမ်းကနေ ချောင်းမြောင်းတိုက်ခိုက်ခဲ့တာပါဗျ” ဟုပြောသည်။

တိုက်ခိုက်မှုအတွင်း ပျူခေါင်းဆောင်ထွန်းနိုင်ကိုင်ဆောင်သည့် Ak-47 သေနတ်တလက်ကို သိမ်းဆည်းလာနိုင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှုမရှိကြောင်း ရွှေဘိုအားမာန် ပြောက်ကျားတပ်ဖွဲ့ က တာဝန်ရှိသူက ဆိုသည်။

သေဆုံးသွားသော ပျူစောထီးများ၏ရုပ်အလောင်းကို ရွှေဘိုမြို့အတွင်းမှာရှိသည့် တပ်ရင်း (၄၂) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ကောက်ယူသွားပြီး သေနတ်များပစ်ဖောက်ကာ ရွှေဘိုမြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ သည် ရွှေဘို ရေဦးကားလမ်းပိုင်းတွင်း ကင်းပုန်းဝပ်ခြင်း ကင်းလှည့်ခြင်းများကို လုပ်ဆောင်နေကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ယခုတိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊ သိခ်အားမာန် ၊မဟူရာ ရွှေဘိုသား ၊HG FIGHTRS (LPDF) ၊ ဖျံ အဖွဲ့ ၊ စွန်ရဲရွှေဘို(LPDF)၊ shwebo Crocodile ၊ Young NI ၊ နဂါးနီ အဖွဲ့ ၊ MC ပြည်သူကာကွယ်‌ရေးအဖွဲ့ ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ တန(၂) တပ်ပေါင်းစု ၊ တန(၅) တပ်ပေါင်းစု၊ မဟာမိတ်ဖြစ်သော ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ၊ဇမဏီဒေါင်း(ဒပယ) အဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)