မင်းတပ်မြို့သို့သွားစဥ် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ဦးမှ ၁ဦးပြန်လွတ်

ပုံအညွှန်း။ ။ မင်းတပ်မြို့ပေါ်တွင် ရဲများအားတွေ့ရစဥ် (ပုံဟောင်း) (ဓာတ်ပုံ။ ။ HKL mindat)

ပုံအညွှန်း။ ။ မင်းတပ်မြို့ပေါ်တွင် ရဲများအားတွေ့ရစဥ် (ပုံဟောင်း) (ဓာတ်ပုံ။ ။ HKL mindat)

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် မှတ်ပုံတင်ပြုပြင်ရန်သွားစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အမျိုးသမီးနှစ်ဦးအနက်မှ တဦးပြန်လွတ်လာကြောင်း မင်းတပ်ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (မေလ၈ရက်) နံနက် ၁၀နာရီခန့်တွင် မင်းတပ်မြို့နယ်၊ စွန်တောင်ရွာနှင့် လှေ့ချမ်းရွာ၌ စစ်ဘေးတိမ်းရှောင်နေသော အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္စျိမအားပြောသည်။

ထိုအမျိုးသမီးနှစ်ဦးကို အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်က ၎င်းတို့နာမည်စာရင်းနှင့်အတူ ရုတ်တရက်ရောက်လာကြပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ခလရ (၂၇၄)တပ်ရင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

“တယောက်ပြန်လွတ်တယ်၊ နောက်တယောက်က အကြမ်းဖက်နဲ့ပတ်သက်ဆက်နွယ်တယ်ဆိုပြီး ဖမ်းလိုက်ပြီ။ အကြောင်းစုံကို စုံစမ်းနေဆဲပါ” ဟု မင်းတပ်ဒေသခံတဦးမှ မဇ္စျိမအားပြောသည်။

၎င်းတို့နှစ်ဦးထဲမှ တဦး ယနေ့ (မေလ ၉ရက်နေ့) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပြန်လွတ်လာပြီး နောက်ထပ်တဦးကိုမူ အကြမ်းဖက်နှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။

ယခု ၂၀၂၄နှစ်အတွင်း မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေးနေကြပြီး ထိုသို့ ဖမ်းဆီးခံရသူ ၃၀ ကျော်ရှိနိုင်ကြောင်း၊ အချို့သည် ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

စာတည်း – သန့်ဇော်(သန်လျင်)