ခြံအမှတ်(၅၄)နှင့်ပတ်သက်၍ ဧပြီ ၂၅ ရက်တွင် ဦးအောင်ဆန်းဦးဘက်မှ တရားရုံးသို့ တင်ပြရမည်

လေလံတင်ရောင်းချသည့် ခြံအမှတ် (၅၄) မတ်လ ၂၀ ရက်နေ့ မြင်ကွင်း (Photo- AFP)

001

(မဇ္ဈိမ)။ ။လေလံပစ်သော်လည်း အထမမြောက်ခဲ့သည့် ခြံအမှတ်(၅၄)နှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦး ဘက်မှ ဆက်လက်လုပ်ဆောင်ရန်ရှိသည်ကိုတင်ပြရန် ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အပါအဝင် ခြံအမှတ်(၅၄)တခုလုံးကို မတ်လ ၂၀ ရက် ယမန်နေ့က လေလံပစ်ခဲ့သော်လည်း လေလံဆွဲမည့် သူမရှိဘဲ ပွဲပြီးဆုံးခဲ့သည်။

ထို့ကြောင့် လာမည့်သင်္ကြန်အကျော်ကာလ ဧပြီ ၂၅ ရက်နေ့တွင် ဦးအောင်ဆန်းဦးဘက်မှ တင်ပြလျှောက် ထားမှုများဆောင်ရွက်ရန် ယနေ့ မတ်လ ၂၁ ရက်နေ့ရုံးချိန်းတွင် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။

“သူဘာတင်ပြမလဲ၊ လေလံဈေးလျှော့ခိုင်းမလား၊ ဘာလုပ်မလဲတော့ မသိဘူးပေါ့။ သူ့ရှေ့နေက တင်ပြမှာ ပေါ့။ တင်တဲ့အခါကျမှ သိရမှာ။ လုပ်ထုံးလုပ်နည်းကတော့ လေလံမအောင်ရင် ဈေးနှုန်းတွေ ပြန်ပြင်တာ တွေဘာတွေရှိတယ်၊ ပြန်ပြင်မှာပေါ့၊ ကြော်ငြာတွေပြန်ထည့် ပြန်ပစ်ပေါ့”ဟု တရားရုံးနှင့် နီးစပ်သူတဦး က ဆိုသည်။

ခြံအမှတ်(၅၄)အား လေလံကြမ်းခင်းဈေး ငွေကျပ် ၃၁၅ ဘီလျံဖြင့် လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင် တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမိန့်ချမှတ်ထားခြင်းဖြစ်သည်။

အဆိုပါအမိန့်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ရန်ကုန်တိုင်း တရားရုံးတွင် ပြင်ဆင်မှုတက်ထားဆဲဖြစ်ပြီး ယင်းအတွက်မူ ရုံးချိန်းသတ်မှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ဦးအောင်ဆန်းဦးသည် အဆိုပါ ခြံအမှတ်(၅၄)အား အမွေခွဲရန် ၂၀၀၁ ခုနှစ်ကတည်းက အမှုဖွင့်တရားစွဲဆို ထားခြင်းဖြစ်သည်။ နှစ်ဧကနီးပါးရှိသည့် ဒေါ်ခင်ကြည်အမည်ပေါက် နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်က လည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးက လည်း ကောင်း ခွဲဝေယူရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်က အမိန့်ချမှတ်ခဲ့သည်။

သို့သော် အဆိုပါအမိန့်အပေါ် ဦးအောင်ဆန်းဦးက မကျေနပ်သည့်အတွက် ခြံဝန်းတခုလုံးကို လေလံပစ်ပြီး ရရှိသည့် တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၎င်း၏ လျှောက်ထားချက်အတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ခြံအမှတ်(၅၄)ကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေး မှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဉပဒေ များဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

မတ်လ ၂၀ ရက်နေ့ကပြုလုပ်ခဲ့သော ခြံအမှတ်(၅၄)လေလံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေများနှင့် ဦးအောင်ဆန်းဦး၏ရှေ့နေများ လာရောက်ခဲ့ကြောင်း တရားရုံးနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်က အတည် ပြု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ရှေ့နေများနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက နောက်ဆုံး တွေ့ဆုံခွင့် ရခဲ့ပြီး နေအိမ်လေလံအမိန့်အပါအဝင် အခြားစီရင်ချက်များနှင့်ပတ်သက်၍ ကာယကံရှင်၏ သဘောဆန္ဒ ကိုသိရှိနိုင်ရန် ထောင်ဝင်စာတွေ့ခွင့် အကြိမ်ကြိမ်လျှောက်ထားသော်လည်း စစ်ကောင်စီက ယနေ့အချိန် ထိတွေ့ဆုံခွင့် မပြုပေ။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက စွပ်စွဲသည့်ပုဒ်မများဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင်၌ အကျဉ်းချခံထားရသည်။

စာတည်း။ ။စောဖေ