ရေဖြူမြို့ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ ၁၀ ဦးကျော်သေဆုံးဟုဆို

ရေဖြူမြို့ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ ၁၀ ဦးကျော်သေဆုံးဟုဆို

ရွှေနွယ်

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မင်းသားကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအထိုင်ချထားသောစခန်းအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကြောင်း ဒေါနစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယနေ့ မတ်လ ၂၃ ရက် နံနက် ၅ နာရီ ၃၀ မှ စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် နံနက် ၇ နာရီထိ တနာရီခွဲကျော်ကြာမြင့်ခဲ့ပြီးနောက် စခန်းရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် စခန်းကိုစွန့်ခွာထွက်ပြေးသွားကြကြောင်း ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။

ထိုစခန်းသည် စစ်ကောင်စီတပ်သား ၁၅ ဦး အရန်တပ်သားအင်အား ၂၀ နှင့်အတူ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးဆိုသူ ၃၀ ခန့် စုစုပေါင်း အင်အား ၇၀ နီးပါး အထိုင်ချသည့် စခန်းဖြစ်သည်ဟု ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူ၏ ပြောဆိုချက်အရသိရသည်။

“သေဆုံးသူတွေက ပျူရော စစ်သားရော၊ အလောင်းနဲ့ပါ(သေဆုံးမှုအတည်ပြုချက်)။ (ပျူစောထီးနှင့် စစ်ကောင်စီတပ်သားသေဆုံးမှု အရေအတွက်) ခွဲခြားလို့မရဘူး။ ပြီးအခြေအနေမကောင်းမှန်းသိတော့ လက်နက်သိမ်းထွက်ပြေးကြတာ” ဟု ဒေါနစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

ထို့ပြင်အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းမှလည်း တပ်ဖွဲ့ဝင်တဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စခန်းမှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများစွန့်ခွာထွက်ပြေးသွားပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပြောသည်။ ထို မင်းသားရွာစစ်ကောင်စီစခန်းသည် ရွာရှိ ပြည်သူများအား စစ်မှုထမ်းရန် အဓမ္မလူအင်အားစုဆောင်းနေသောကြောင့် စခန်းကို ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မင်းသားရွာတွင်နေထိုင်နေသော ပျူများနှင့် စကစများက ပတ်ဝန်းကျင်ရွာများဖြစ်သည့် သုံးဆူရွာ၊ စိန်ပုံရွာတို့တွင် စစ်မှုထမ်းရန်အတွက် တရွာဝင်တရွာထွက် လက်နက်နှင့် အတင်းအကျပ်ဖိအားပေးမှုမျိုးတွေလုပ်ဆောင်နေခဲ့ပြီး ပြည်သူလူထုအားလည်း ခြိမ်းခြောက် ငွေညှစ်တောင်းခံနေသည့် သတင်းရရှိပါသည်” ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းသည် နံနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ်၊ ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။ သို့သော် ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားထိခိုက်မှုကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ရေးပြောက်ကျားတပ် YGFဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) ဒေါနတပ်ခွဲ(၄)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ DDTတပ်ခွဲ ဒေါနတပ်ခွဲ(၇)၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း)၊ YDF(ဒေါနစစ်ကြောင်း)၊မဟာမိတ်တပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊YAF ၊ ထားဝယ်ခရိုင် တပ်ရင်း(၁) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းများတည်ရှိရာ မင်းသားကျေးရွာနှင့် မလွှဲတောင်တို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၃) စစ်ဆင်ရေးနယ်မြေအတွင်း ပါရှိသည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

အမှတ် (၈) ပြည်ထောင်စုလမ်းမ၊ ရေး−ထားဝယ်လမ်းပိုင်းရှိ မလွှဲတောင်နှင့် ကလိန်အောင်ကြားတွင် ဒေါနစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တို့မှ နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ဒေါနစစ်ကြောင်း၏ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်တို့သည် မတ်လ ၁၉ ရက်နေ့ကလည်း အမှတ်(၈) လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်း၊ စစ်ကောင်စီနှင့် ၎င်းတို့၏ ဒေါက်တိုင်များဖြတ်သန်းသွားလာမှုကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)