စစ်ကောင်စီ လေကြောင်းရန် ဘေးကင်းရေး ကြိုတင်သတိပေးချက်များ လိုက်နာရန် NAS တိုက်တွန်း

ပုံအညွှန်း။ ။ မင်းတပ်မြို့နယ်တွင် မတ်လ၁၅ရက်နေ့က စစ်ကောင်စီတပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ပျက်စီးမှုမြင်ကွင်း ဓာတ်ပုံ။ ။ မင်းတပ်မြို့နယ်(ပအဖ)

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကောင်စီတပ်၏ လေကြောင်းရန်မှ ဘေးကင်းရေး လေကြောင်းကြိုတင်သတိပေးချက်များအား စောင့်ကြည့်လိုက်နာပေးကြရန် စစ်ကောင်စီ၏ လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ Nationwide Air Scout (တနိုင်ငံလုံးလေကြောင်းကင်းထောက်)အဖွဲ့က တိုက်တွန်းထားသည်။

“ပြည်သူတွေအနေနဲ့ စကစရဲ့ လေကြောင်းမှ ဘေးကင်းကြစေဖို့ လေကြောင်းသတင်းကို အမြဲသတိထားရယူဖို့လိုအပ်ပါတယ်။ ကိုယ့်နေရာမှာ တိုက်ပွဲမရှိဘူးဆိုပြီး မသက်ဆိုင်သလိုမနေသင့်ပါဘူး။ လက်နက်ကြီးမှီနိုင်တဲ့နေရာတွေ အထူးသဖြင့်သတိထားရပါမယ်။ တော်လှန်ရေးရဲဘော်တွေကတော့ သတင်းချိတ်ဆက်ထားမှုကြောင့် သတင်းကြိုရလို့ဘေးကင်းရာကို ပြင်ဆင်နိုင်ကြပါတယ်။လေကြောင်းသတင်းတွေကို NAS လေကြောင်းစောင့်ကြည့် ကြိုတင်သတိပေးအဖွဲ့ရှိပါတယ်။ တယ်လီဂရမ်မှာ နှင့် ဖေ့ဘွတ်‌ေပ့ချ်မှာ ရယူနိုင်ပါတယ်” ဟု Nationwide Air Scout (NAS)တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားသော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒေသခံပြည်သူများ အထိအခိုက်သက်သာရသည်မှာNationwide Air Scout (NAS) ချန်နယ်များမှ စစ်ကောင်စီတပ်၏ လေကြောင်းရန်ကြိုတင်သတိပေးမှုကို စောင့်ကြည့်လိုက်နာသောကြောင့်ဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက အခိုင်အမာပြောဆိုထားသည်။

“ရှမ်းမြောက်တိုက်ပွဲအောင်မြင်တာ NASကြောင့်လည်း ရာခိုင်နှုန်းတော်တော်ပါပါတယ်။ ရှမ်းမြောက်ပွဲအတွေ့အကြုံအရပြောရရင် တကယ့်စစ်ဆင်ရေးကြီးမှာ အင်တာနက်လိုင်းတွေအကုန်ပြတ်နေတော့ လေကြောင်းသတိပေး ဥသြဆွဲခိုင်းတာ၊ဌာနချုပ်ကိုအမိန့်ပေးခိုင်းတာလို့ ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူတွေက ဖိုက်တာတွေလာပြီလို့သိသွားရင် ချက်ချင်းဗုံးခိုကျင်းထဲဝင်ပုန်းကြတာ၊ ပြန်သွားမှ ပြန်ထွက်လာကြတာ။ ” ဟု NAS တာဝန်ရှိသူမှ မဇ္စျိမအား ဆက်လက်ပြောသည်။

လေယာဉ်များ ဦးတည်ပျံသန်းသည့် ဒေသနှင့် အချိန်၊ တိုက်လေယာဥ်များ နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ်များ၏ ဦးတည်ရာ လမ်းကြောင်းများအား Nas-နပ်စ် ဖေ့ဘုတ်စာမျက်နှာနှင့် NAS Channel တယ်လီဂရမ်ချန်နယ်များတွင် Nationwide Air Scoutအဖွဲ့သားများက နေ့ညမပြတ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

Nationwide Air Scout (NAS) အဖွဲ့သည် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအားလုံး လေကြောင်းရန်မှ ကာကွယ်ရယူနိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ERO အချို့မှပူးပေါင်းကာ စစ်ကောင်စီတပ်၏ လေကြောင်းရန်ကို အမြဲမပြတ်စောင့်ကြည့်နေသော အဖွဲ့ဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတဦးထံမှ သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး