မော်စကို ကဇတ်ရုံတိုက်ခိုက်မှုအပေါ် “ပြင်းထန်စွာ ရှုတ်ချပါသည်” ဟု စစ်ကောင်စီပြောဆို

001 (မဇ္ဈိမ)

ရုရှားနိုင်ငံ မော်စကိုမြို့အနီးရှိ ကဇာတ်ရုံတခုတွင် လူအသေအပျောက်များသော တိုက်ခိုက်မှုဖြစ်စဉ်အပေါ် မြန်မာစစ်ကောင်စီက ရှုတ်ချကြောင်း စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးဌာန၏ စနေနေ့ညကထုတ်ပြန်သည်။

” မြောက်မြားလှစွာသော အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ရသည့်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သော မိသားစုများနှင့် အတူဝမ်းနည်းကြောင်း” လည်း ထပ်လောင်းပါရှိသည်။

ရုရှားနိုင်ငံမြို့တော်၏ အနောက်မြောက်ဘက်ရှိ ကရာစနိုဂရော့အရပ်ရှိ Crocus City Hall တွင် ဆိုဗီယက်ခေတ် ရောခ့်ဂီတအဖွဲ့ Pilnik၏ ရှိုးပွဲမတိုင်ခင် သေနတ်သမားများက သောကြာနေ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၃၃ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၄၀ ဦး ဒဏ်ရာရရှိကြောင်း ပစ်ခတ်မှုဖြစ်အပြီး နာရီအနည်းငယ်အကြာ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်သည်ဟု သံသယရှိသူ လူလေးဦးကိုဖမ်းဆီးထားသည်ဟု အရာရှိများက ပြောသည်။

အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုတခုဖြစ်သော ISIS-K က အဆိုပါတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သည်ဟု အွန်လိုင်းကြေညာချက်တခုတွင် ပြောဆိုထားသည်။

အမေရိကန်အရာရှိများက IS တို့အနေဖြင့် ရုရှားကိုတိုက်ခိုက်မည်ဆိုသော ထောက်လှမ်းရေးသတင်းရရှိခဲ့ကြောင်းနှင့် ယခုလအစောပိုင်းက မော်စကိုရှိ “လူအုပ်စုကြီးများ” ကို ပစ်မှတ်ထားတိုက်ခိုက်မည့်အစီအစဉ်ကို ရုရှားသို့သတိပေးခဲ့သည်ဟု ဆိုသည်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အဒရီနီ ဝပ်ဆင်က ပြောကြားရာတွင် အမေရိကန်အစိုးရက “ကာလတာရှည်ကတည်းကရှိနေခဲ့သော သတိပေးဖို့ “မူဝါဒ” ရှိတာနဲ့အညီ ရုရှားအာဏာပိုင်များကို သတင်းအချက်အလက်များ မျှဝေခဲ့သည်ဟု ပြောကြားသည်။

သို့သော် ပူတင်၏ အင်္ဂါနေ့မိန်းခွန်းတွင် အမေရိကန်၏ သတိပေးချက်များကို “လှုံ့ဆော်တာ” ဟု ဒေါသတကြီးပြောဆိုလိုက်ပြီး ” ဒါတွေဟာ တို့လူ့အဖွဲ့အစည်းကိုမတည်ငြိမ်အောင်နဲ့ ခြိမ်းခြောက်တာ” ဟု ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံမှာ မြန်မာစစ်တပ်သို့ အဓိက လက်နက်ရောင်းချနေခဲ့သော နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံအကူညီအဖြင့် အသေးစားနူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်လည်ပတ်ခဲ့သော နိုင်ငံမှာ ရုရှားဖြစ်ပြီး စစ်ကောင်စီနှင့် တရားဝင်ဆက်ဆံရေးရှိသည့် နိုင်ငံအနည်းငယ်တွင်ပါဝင်သည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း ရုရှားသမ္မတပူတင်၏ ပြိုင်ဘက်အစစ်မရှိသော ရွေးကောက်ပွဲတွင် အောင်ပွဲရခဲ့သည်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးကျူးထောပနာပြုခဲ့သေးသည်။

သို့သော် မင်းအောင်လှိုင်က ပူတင်အတွက် ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာကို စစ်ကောင်စီထိန်းချုပ်ထားသော မီဒီယာများတွင် တိုက်ရိုက်ဖော်ပြခြင်းမပြုခဲ့ဘဲ ရုရှားမီဒီယာများတွင်ရေသားချက်ကို ပြန်လည်ကိုးကားထားခဲ့သည်ကို တွေ့ရသည်။

အဆိုပါရွေးကောက်ပွဲရလာဒ်ကို တရုတ်၊ မြောက်ကိုရီးယားအပါအဝင် ရုရှားမဟာမိတ်အချို့က ကြိုဆိုသော်လည်း အနောက်နိုင်ငံများက “တရားမဝင်” မဲများဟုခေါ်ဝေါ်က ရှုတ်ချခဲ့ကြပြီး အမေရိကန်က “လွတ်လပ်မှု မျှတမှုမရှိ” သော ရွေးကောက်ပွဲဟု ပြောသည်။

အသက် ၇၁ နှစ်အရွယ် ဗလာဒီမာပူတင်သည် ၈၇.၈ ရာခိုင်နှုန်းသော မဲများရပြီး ဆိုဗီယက်လွန်ခေတ်ရုရှားသမ္မတရွေးကောက်ပွဲများတွင် မဲအများဆုံးစံချိန်တင်ခဲ့သည်။