ကော့ဘိန်းရဲစခန်းအနီး တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများ ပိတ်မိနေ

ပုံအညွှန်း-ကော့ဘိန်းရဲစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွါးနေပြီး ယနေ့မနက်အခြေအနေကိုတွေ့ရစဉ်။

ပုံအညွှန်း-ကော့ဘိန်းရဲစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွါးနေပြီး ယနေ့မနက်အခြေအနေကိုတွေ့ရစဉ်။

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာရှိ ရဲစခန်းအနီးတဝိုက်တွင် ယနေ့ မတ်လ ၂၄ ရက် နံနက် ၈ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ရွာအတွင်း ပိတ်မိနေကြောင်း ဒေသခံထံက သိရသည်။

“တရနာနဲ့ ဓမ္မသဘက်အထိ လမ်းပိတ်ထားတယ်။ အကုန် အထဲမှာပဲ နေနေရတယ် ဓမ္မသရော အနီးတဝိုက်ရောပေါ့။ တိုက်ပွဲက ကော့ဘိန်းရွာထဲမှာပဲ ဖြစ်နေတာ။ လက်ရှိအချိန်ထိတော့ ဖြစ်နေတုန်းပဲ။ လေယာဉ်နဲ့ လာကြဲတာတွေလည်း ရှိတယ်” ဟု တရနာ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိ မွန်းတည့် ၁၂ နာရီကျော်အထိ ကော့ဘိန်းရဲစခန်းအနီးတဝိုက်တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ တရနာ၊ ဓမ္မသ၊ ကော့ပလိုင် အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လိုကြသော်လည်း သွားလာခွင့် ပိတ်ထား၍ အပြင်ထွက်၍ မရဘဲ နေအိမ်အတွင်း၌သာ ပုန်းရှောင်နေရကြောင်း သိရသည်။

“ယူနီဖောင်းဝတ်ထားတားပဲ ဘယ်အဖွဲ့လဲတော့ မသိဘူး ။ အပြင်မထွက်နဲ့ အန္တရာယ်များတယ် အိမ်ထဲဝင်ဖို့ပဲ ပြောတာ” ဟု ဒေသခံတဦးက ပြောသည်။

ထို့ပြင် အဆိုပါ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ နှစ်ဦးထက် မနည်း ဒဏ်ရာရထားကြောင်း ဒေသခံထံက သိရသည်။

ကော့ဘိန်းရဲစခန်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်ထံ မဇ္ဈိမမှ ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ကော့ဘိန်းရွာသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်အနီးတွင် တည်ရှိပြီး မွန်လူမျိုးများ အများဆုံး နေထိုင်ရာ ကျေးရွာတရွာဖြစ်သည်။

အဆိုပါ ကော့ဘိန်းကျေးရွာရှိ ရဲစခန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်၊ ဖျက်ဆီးခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ