ဖာပွန်စစ်ဘေးရှောင်များ အကူအညီလိုအပ်

ပုံအညွှန်း- ဖာပွန်စစ်ဘေးရှောင်ပြည်သူအချို့အား တွေ့ရစဉ်

ပုံအညွှန်း- ဖာပွန်စစ်ဘေးရှောင်ပြည်သူအချို့အား တွေ့ရစဉ်

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေသည်ဟု အကူအညီပေးနေသူထံက သိရသည်။

“နေစရာထိုင်စရာတွေ ဆန်တွေ စားနပ်ရိက္ခာတွေလိုအပ်နေတယ်။ ပြေးလာတုန်းကလည်း ဘာမှပါမလာဘူးလေ”ဟု စစ်ဘေးရှောင် အကူအညီပေးနေသူ အမျိုးသမီးက မဇ္ဈိမကိုပြောသည်။

အဆိုပါစစ်ရှောင်နေရာများတွင် ၂,၀၀၀ ကျော်ခန့်ရှိရာမှ မတ်လ ၂၈ ရက်နေ့တွင် ထပ်တိုးစစ်ရှောင်လာသူများရှိ၍ လက်ရှိ စစ်ရှောင်ဦးရေ ၃,၀၀၀ ကျော်ခန့်ရှိမည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖာပွန်မြို့မှ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်သည် ဖာပွန်မြို့နယ်အပိုင် ကမမောင်းမြို့၊ အုန်းတောကျေးရွာနှင့် အနီးတဝိုက်သို့ ရောက်ရှိနေပြီး အဆိုပါ စစ်ဘေးရှောင်များအတွက် အစားအသောက်အပြင် အဝတ်အထည်၊ စောင်၊ ခြင်ထောင် စသည့် အသုံးအဆောင်များ လိုအပ်နေကြောင်း သိရသည်။

“အမျိုးသမီးတွေ အများဆုံးပါတယ် ဒီဘက်ကို ရောက်လာတာ။ မြို့ထဲက တချို့လူတွေကို (KNU)အဖွဲ့တွေက ဒီဘက် ကမမောင်းဘက် မဟုတ်ဘဲ အပေါ်ဘက် ခေါ်သွားပြီး ဘေးကင်းတဲ့နေရာတွေမှာ ထားပေးထားတာတွေလည်း ရှိတယ်”ဟု စစ်ဘေးရှောင်အကူအညီပေးသူက ပြောသည်။

မတ်လ ၁၉ ရက်နေ့မှစ၍ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွါးကာ တပတ်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့က ဖာပွန်ဗျူဟာကို ဆုတ်ခွါသွားသည့်နောက် ဖာပွန်မြို့ကို KNLA ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်ဟု သိရသည်။

ဖာပွန်မြို့ကို စစ်ကောင်စီက ယနေ့ (မတ်လ ၃၀ ရက်နေ့)အထိ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေသည့်အတွက် ဖာပွန်မြို့ခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ကူညီရေးဆောင်ရွက်ပေးနေသူထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ