ဆားလင်းကြီးတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် မီးဖွားစ အမျိုးသမီး သွေးလန့်သေဆုံး

ပုံအညွှန်း။ ။ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များစစ်ကြောင်းဝင်လာသဖြင့် ထွက်ပြေးသွားသောဒေသခံများ (ဓာတ်ပုံ။ ။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ)

ပုံအညွှန်း။ ။ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များစစ်ကြောင်းဝင်လာသဖြင့် ထွက်ပြေးသွားသောဒေသခံများ (ဓာတ်ပုံ။ ။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ)

ကိုခင်မောင်

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်း ကံကုန်းရွာမှ မီးဖွားပြီးစ အမျိုးသမီးတဦးသည် ရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကြောင့် သွေးလန့်သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ၂၉ရက် နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းသည် သံပြားကာ ကားနှစ်စီးဖြင့် ထိုရွာတွင်း ဝင်ရောက်ခဲ့‌ေကြာင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီတာဝန်ရှိသူထံက သိရသည်။

“ ကံကုန်းရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ ခြေရှုပ်နေတာတော့ တပတ်လောက်ရှိပြီ။ မနေ့က ကားနှစ်စီးနဲ့ရွာထဲဝင်လာတော့ ကြောက်လန့်ထွက်ပြေးကြတာ။သားဖွားမိခင်တဦးလည်း သွေးလန့်လို့သေဆုံးသွားတာပါ။ ” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီတာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

သေဆုံးသူအမျိုးသမီး(အသက် ၃၂နှစ် ) သည် မီးဖွားပြီးသည်မှာ တရက်မပြည့်သေးကြောင်းသိရသည်။

လက်ရှိတွင် ကျန်ရစ်ခဲ့သည့် ရက်သားအရွယ်ကလေးနှင့် လေးနှစ်အရွယ် ကလေးကို ဖခင်ဖြစ်သူက ကြည့်ရှု့စောင့်ရှောက်နေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ် ကားနှစ်စီးသည် သည် လက်ရှိတွင် အေးကုန်းရွာရှိ ဘုန်းကြီးကျောင်းနှင့် ကံကုန်းရွာတွင် တစီးစီခွဲကာ ညအိပ်တပ်စွဲလျက်ရှိကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီထံက သိရသည်။

ထိုစစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ကံကုန်း၊ အေးကုန်း နှင့် ညောင်ပင်ကြီးကျေးရွာမှ ဒေသခံ ဦးရေ ၃,၀၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် မတ်လ ၁၉ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးကြရသူဦးရေ ၂ ဒသမ ၅ သန်း‌ကျော်ရှိပြီဖြစ်ကြောင်း UNOCHA မြန်မာက မတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး