တရုတ်ဝန်ကြီးချုပ်က စီးပွားရေးအကျပ်အတည်းအကြောင်း ကွန်ဂရက်၌ ဖွင့်ဟ

News Day

မကြာသေးမီက ကျင်းပခဲ့သော အမျိုးသားပြည်သူ့ကွန်ဂရက်၌ တရုတ်ဝန်ကြီးချုပ်လီချန်းတင်ပြခဲ့သော အစိုးရအလုပ်အစီရင်ခံစာသည် တရုတ်နိုင်ငံရင်ဆိုင်နေရသော စီးပွားရေးဒုက္ခများစွာကို မကြုံစဖူး ပွင့်ပွင့်လင်းလင်း ချပြထားသည်။

ဝန်ကြီးချုပ်၏ အစီရင်ခံစာတွင် ဒေသန္တရအစိုးရများအကြား ကြွေးမြီဝန်ထုပ်ဝန်ပိုးများနှင့် ကုန်ပစ္စည်းအများအပြား ထုတ်နိုင်စွမ်း မရှိခြင်းမှသည် သုံးစွဲမှုနည်းပါးလာခြင်းနှင့် လူဦးရေကျဆင်းမှုအထိ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ်စေသော အရာများကို ဖော်ပြထားသည်။

ကွန်မြူနစ်ပါတီက တိုးတက်မှုမရှိသော စီးပွားရေး အယူဝါဒကို စာအုပ်ကြီးအတိုင်း ကာလရှည်ကြာလိုက်နာနေမှုက အစိုးရနှင့်ပြည်သူအကြား သဟဇာတမဖြစ်စေဘဲ လူထု၏ စိတ်ပျက်မှုနှင့် မကျေနပ်မှုများသာ ပိုဆိုးလာသည်။

ထိတ်လန့်စရာအကောင်းဆုံးမှာ တရုတ်နိုင်ငံ၏ အလုပ်အကိုင်အကျပ်အတည်း ဖြစ်နိုင်ပြီး ဘွဲ့ရကျောင်းသား ၁၁ ဒသမ ၇ သန်းမှာ အလုပ်လက်မဲ့ ဖြစ်နေကြသည်။

ကလေးပြုစုပျိုးထောင်မှု စရိတ်မြင့်တက်လာခြင်းကြောင့် မွေးဖွားနှုန်းကျဆင်းကာ လူဦးရေကျဆင်းမှုအကျပ်အတည်းနှင့်အတူ တရုတ်နိုင်ငံ၏ စီးပွားရေးအင်ဂျင်သည် ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုကို ဆက်ထိန်းထားရန် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ရှားပါးလာမှုကို ရင်ဆိုင်နေရသည်။

တရုတ်သည် ၎င်း၏ အာဏာရှင်ဆန်သော သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ကမ္ဘာ့ရာသီဥတုဆိုင်ရာ နယ်ပယ်အတွင်း သြဇာလွှမ်းမိုးမှုဖြန့်ကျက်ရန် အစိမ်းရောင်နည်းပညာများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို မောင်းနှင်အားတခုအဖြစ် အသုံးချလျက်ရှိသည့်တိုင် မတည်မငြိမ်သောအလားအလာသည် တရုတ်၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုဆိုင်ရာ ညံ့ဖျင်းမှုမှတ်တမ်းကြောင့် ပိုမိုဆိုးရွားသွားသည်။

ဝန်ကြီးချုပ် လီ၏ လုပ်ငန်းအစီရင်ခံစာသည် စီးပွားရေးအတားအဆီးများကို ဖော်ပြရာတွင် မကြုံစဖူး ပွင့်လင်းမှုရှိနေပြီး လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း စီးပွားရေးကို တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးရွားစွာ စီမံခန့်ခွဲခဲ့ခြင်းအတွက် မိမိကိုယ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

ပါတီ၏ အုပ်ချုပ်မှုစနစ်ကြောင့် ကြီးမားသော ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များ၊ လူဦးရေကျဆင်းမှုဆိုင်ရာ ဖိအားများနှင့် လူမှုစီးပွားဘဝကွာဟမှုများကို ထုတ်ဖော်ခြင်းဖြင့် အစီရင်ခံစာသည် တရုတ်၏ မူဝါဒချမှတ်မှုဘောင်အတွင်း အပြောနှင့် လက်တွေ့ကွာဟမှုကို မီးမောင်းထိုးပြထားသည်။

တရုတ်နိုင်ငံသည် ပြည်တွင်းပဋိပက္ခများနှင့် ပြင်ပစိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကာ အပြောင်းအလဲကာလသို့ ချဉ်းကပ်လာသည်နှင့်အမျှ ၎င်းသည် ချမှတ်ထားသော ကမ္ဘာ့စံနှုန်းများနှင့် လစ်ဘရယ်အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို မကြာခဏ လျစ်လျူရှုလေ့ရှိသော ၎င်း၏အာဏာရှင်လမ်းစဉ်ကို ထိန်းသိမ်းလိုသည့် ခေါင်းမာသော ကတိကဝတ်က စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။

ထိုသို့မတည်မငြိမ်ဖြစ်မှုများက တရုတ်နိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်၍ ကြီးမားသော အကျိုးဆက်များ ရှိလာဖွယ်ရှိသည်။

တရုတ်သည် တကမ္ဘာလုံးက အသိအမှတ်ပြုထားသော လစ်ဘရယ်မူနှင့် ကိုက်ညီစေရေး ၎င်း၏ စီးပွားရေးပုံစံကို ပြောင်းလဲရန် ခေါင်းမာမာနှင့် ငြင်းဆိုခြင်းသည် အားနည်းချက်တခု ဖြစ်လာပြီး ယင်းက တရုတ်နိုင်ငံ၏ တိုးတက်မှုကိုသာမက ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်ဒေသ၏ ကြွယ်ဝမှုနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည်။