မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်

ပုံအညွှန်း - ဧပြီလ ၁ရက်နေ့ လေကြောင်းတိုက်ခိုက်ရမှုကြောင့် အပျက်အစီးများ ဓါတ်ပုံ - မင်းတပ်မြို့နယ် ၊ ပြည်သူ့အုပ်ချုပ်ရေး

ပါခွီး

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းမှတိုက် ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၁၃)ကို ဧပြီလ ၂ ရက် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဥ် ဖြင့် ဗုံး ၁၀ လုံးခန့်ကြဲချပြီး စက်သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“တိုက်နယ် ၁၃ တိုက်ခိုက်မှုမှာ အိမ်မီးလောင်၊ ဒဏ်ရာသူတွေနဲ့ ခြေထောက်ပြတ်သူတွေရှိတယ်လို့ ကနဦး သိရပါတယ်။ မီးလောင်တာကို ဝိုင်းပြီး ငြှိမ်းသတ်နေကြတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ဆလိုင်းယောမန်က မဇ္စျိမကို ပြောသည်။

ညနေ ၄ နာရီ ၅၄ မိနစ်ခန့်တွင်လည်း စစ်ကောင်စီတပ်က တိုက်နယ်အမှတ်(၁၄)ဘက်သို့ ဆက်လက် ဗုံးကြဲသွားသည်ဟု ဆိုသည်။

ယင်းဒေသတွင် ဖုန်းလိုင်းနှင့် အင်တာနက် အဆက်အသွယ်မရရှိသောကြောင့် ဗုံးကြဲသည့် အသံနှင့် အကွာ အဝေးကို ခန့်မှန်းပြောဆိုရခြင်းဖြစ်ပြီး အသေးစိတ်အခြေနေကို မသိရှိရသေးကြောင်း ဆလိုင်းယောမန်က ဆက်ပြောသည်။
မြေပြင်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံ များ၏ နေအိမ်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများကို အဓိက တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းဆိုသည်။

မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၂)ကို ဧပြီလ ၁ ရက် ယမန်နေ့ နံနက် ၁ နာရီ ၁၇ မိနစ်တွင် နှစ်ကြိမ်၊ နံနက် ၉ နာရီ ၄၅ မိနစ်နှင့် ၁၁ နာရီ ၃၀ မိနစ်တို့တွင် စုစုပေါင်း ၁၀ ကြိမ်ခန့် ဗုံးကြဲပြီး စက်သေနတ်များနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် နေအိမ်တလုံးနှင့် ဘာသာရေးအဆောက်အဦတလုံးပျက်စီးခဲ့ပြီး ဒေသခံများမှာ ဗုံးခိုကျင်းများနှင့် လုံခြုံရာသို့ အချိန်မှီအကာကွယ်ယူနိုင်ခဲ့သဖြင့် ထိခိုက်မှုမရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့အလုပ် ၎င်းတို့လုပ်ကိုင်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် စစ်ကောင်စီပြုတ်ကျ ရန် ဆထက်ထမ်းပိုးတိုးပြီး တော်လှန်ရန်သာရှိကြောင်း ဆလိုင်းယောမန်က လေကြောင်းတိုက်ခိုက်မှု အပေါ် ၎င်း၏သဘောထားကို ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ရှိခဲ့ပြီး အရပ်သားလေးဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့်နှင့် အဆောက်အဦ ၄၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

စာတည်း။ ။စောဖေ