ပုံဟောင်းများ ရောထွေးပြီး မတ်လအတွင်း PDF သေဆုံးမှုဟု သတင်းမှားဖြန့်

ZZ

(မဇ္ဈိမ) ။ ။ မတ်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးမှုဆိုပြီး စစ်ကောင်စီလော်ဘီတွေ ဖော်ပြတဲ့ပုံတွေမှာ ပုံအဟောင်းတွေ ပါဝင်နေတာကိုတွေ့ရပါတယ်။

တိုက်ပွဲသတင်းစုံဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကနေ ဧပြီ ၂ရက်နေ့က “မတ်လအတွင်း အကြမ်းဖက်သမားများ သေဆုံးမှုများ” ဆိုတဲ့စာသားနဲ့ ပုံအများအပြား ပါဝင်တဲ့ပို့စ် ခြောက်ခုကို ဖြန့်ဝေခဲ့ပါတယ်။

ဓာတ်ပုံပေါင်းများစွာထဲမှာ သွေးသံတရဲရဲနဲ့ ထိပ်လန့်စရာပုံတွေ များစွာ ပါဝင်နေပြီး ပို့စ်ခြောက်ခုလုံးကို ကြည့်ရှုသူစုစုပေါင်းဟာ နှစ်သိန်း နီးပါးအထိရှိခဲ့ပါတယ်။

မဇ္ဈိမက အဲ့ဒီပို့စ်ခြောက်ခုဆီကပုံတွေအားလုံးကို Google Image နဲ့ စစ်ဆေးခဲ့ပါတယ်။ အဲ့ဒီ ပို့စ်ခြောက်ခုထဲကမှ ပထမပို့စ်နဲ့ ဒုတိယပို့စ်မှာ ပါဝင်တဲ့ပုံအချို့ဟာ ပုံအဟောင်းတွေဖြစ်နေတာကို တွေ့ရပါတယ်။

ပထမပို့စ်ရဲ့ လေးပုံမြောက်ဟာ လက်နက်တွေကို သိမ်းဆည်းရမိတဲ့ပုံဖြစ်ပါတယ်။ အဲ့ဒီပုံဟာ ယခုနှစ် မတ်လမှာဖြစ်ပွားခဲ့တာမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ခု ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကပုံ ဖြစ်ပါတယ်။ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီတပ် ဝင်စီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားဆိုတဲ့ သတင်းမှာ ဖော်ပြခဲ့တဲ့ပုံဖြစ်နေတာပါ။
ဒီပုံကိုတော့ တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။ လင့် – https://shorturl.at/dpsB3

ဒုတိယပို့စ်မှာပါဝင်တဲ့ ပုံနံပါတ် (၆)၊ (၇)၊ (၉) နဲ့ ပဉ္စမမြောက်ပို့စ်က ပုံနံပါတ် (၃)တို့ဟာ ပုံအဟောင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ မှာ ယင်းမာပင်နယ် မြေကြက်ဆူတိုက်ပွဲက ပုံတွေဖြစ်ပြီး ပြည်ချစ်သားဆိုတဲ့ သတင်းဝက်ဘ်ဆိုဒ်ကဖော်ပြထားတာကိုတွေ့ရပါတယ်။ လင့် – https://shorturl.at/aEOSV

အခြားသောပုံတွေကို စစ်ဆေးခဲ့ရမှာ အချို့ပုံတွေဟာ ယခုနှစ် မတ်လမှာဖြစ်ပွားခဲ့တဲ့ပုံတွေဖြစ်ပြီး ရှာမတွေ့ခဲ့တဲ့ ပုံတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် မတ်လအတွင်း ကျဆုံးခဲ့တဲ့ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ပုံတွေဆိုတဲ့အထဲမှာ ဖြစ်စဉ်အမှန်ကိုအခြေခံပြီး အချို့သောပုံအဟောင်းတွေကိုပါ ရောနှောဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ပါတယ်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေနဲ့ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး အချက်အလက် ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။