လက်နက်ချ သင်္ဃန်းညီနောင်ဗျူဟာမှူးသည် မြစ်ကြီးနားဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သူဖြစ်

(မဇ္ဈိမ)

ကရင်ပြည်နယ် သင်္ဃန်းညီနောင်ဗျူဟာစခန်းက လက်နက်ချခဲ့သည့် ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်စဉ်က အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းရေး အမိန့်ပေးခဲ့သူတဦးဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဗိုလ်မှူးကြီး ထွန်းထွန်းလတ်သည် မိုးကောင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)မှာ တာဝန်ထမ်းဆောင်စဉ်က ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှာ စစ်တိုင်းမှူးအပြောင်းအလဲဖြစ်သည့်အချိန်ဖြစ်သည်။ မိုးကောင်းစကခသည် လုံခြုံရေးတာဝန်များယူကိုင်ရပြီး ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုများဖြစ်ပွားခဲ့သည်။

“အဲဒီတုံးက တိုင်းမှူးအပြောင်းအလဲလုပ်တဲ့အချိန်၊ နယ်လုံဝန်ကြီးတွေအပြောင်းအလဲလုပ်တဲ့အချိန်ဖြစ်နေတယ်။ ပြီးတော့ နောက်တခုက မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) မှာ တပ်ရင်းတွေမရှိဘူး၊ ပြောချင်တာက မြို့စောင့်တပ်တွေမရှိဘူး။ အဲဒီကျတော့ အနီးကပ်ဆုံး မိုးကောင်းတပ် စကခကနေပြီးတော့ မပခကို လာကူရတာ။ အဲဒီကျတော့ သူက (ဗိုလ်မှူးကြီးထွန်းထွန်းလတ်) မပခမှာ တာဝန်ခံအိမ်စောင့်အနေနဲ့ ကိုင်နေရတဲ့အချိန်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တိုင်းမှူးကော၊ တနိုင်း ဒကစမှူးကော အပြောင်းအလဲလုပ်ဖို့အတွက် နေပြည်တော်ခေါ်ထားတဲ့အချိန် အကုန်လုံးကို သူက ကြည့်နေရတဲ့အချိန်” ဟု မြစ်ကြီးနားဒေသခံတဦးက မဇ္ဈိမသို့ပြောသည်။

ထိုစဉ်က ဆန္ဒပြသူများက ရဲများက ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း၊ လူအုပ်ထဲ ကားမောင်းဝင်တိုက်ခြင်း၊ကျား၊ မ မရွေးရိုက်နှက်ဖမ်းဆီးခြင်း၊ မီဒီယာသမားများကို ဖမ်းဆီးရေးအဖွဲ့သီးသန့်ဖွဲ့ကာ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများကို အကြမ်းဖက်မဖြိုခွင်းရန် ရဲများကို ရိုမန်ကက်သလစ် သီလရှင်ဆရာကြီး တပါးက ဒူးထောက်တောင်းပန်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီ ၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကရင်ပြည်နယ် သင်္ဃန်းညီနောင်ရှိ စစ်ဗျူ ဟာအခြေချစခန်း၊ ခြေမြန်တပ်ရင်း- ခမရ (၃၅၆) နှင့် ခမရ (၃၅၇) စခန်းသိမ်းတိုက်ပွဲများတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်အပါအဝင် စစ်သည်နှင့် မိသားစု ၆၁၇ ဦးလက်နက်ချကာ ရွှေကုက္ကိုလ်တွင် သွားရောက်ခိုလှုံခဲ့သည်။