တန်ခူးလေတော်လှန်သင်္ကြန်သံချပ်ပြိုင်ပွဲ ဒေါင်းတို့မျိုးဆက်အဖွဲ့ ပထမဆုရ

ပုံအညွှန်း - သံချပ်ပထမဆုရရှိသွားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့

ပုံအညွှန်း – သံချပ်ပထမဆုရရှိသွားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့

ပါခွီး

(မဇ္စျိမ) ။ ။ သင်္ကြန်ကာလအတွင်း ကျင်းပခဲ့သည့် တန်ခူးလေတော်လှန်သံချပ်ပြိုင်ပွဲ ဆုရအဖွဲ့များကို ဆုရွေးချယ်ရေးကော်မတီက ဧပြီလ ၁၇ရက် ယမန်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ပထမဆုရရှိခဲ့သည်။

တော်လှန်သံချပ်ပြိုင်ပွဲကို တော်လှန်ရေးနယ်မြေအသီးသီးမှ သံချပ်အဖွဲ့ ၁၂ဖွဲ့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ယှဉ်ပြိုင်ထားသည့်ရုပ်သံဖိုင်ကို ဆုရွေးချယ်ရေးကော်မတီက ဧပြီလ ၁၂ရက်ညနောက်ဆုံးထား၍ ပို့ဆောင်ယှဉ်ပြိုင်စေခဲ့ပြီး
ပထမဆုအဖြစ် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ၊ ဒုတိယဆုကို သွေးပိတောက်သံချပ်အဖွဲ့နှင့် တတိယဆုကို တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သံချပ်အဖွဲ့ တို့က ရရှိခဲ့ကြသည်။

ပြိုင်ပွဲသို့ပေးပို့လာသော သံချပ်များကို စာသားနှင့် အကြောင်းအရာကောင်းမွန်မှု၊တင်ပြပုံကောင်းမွန်မှု ၊ အတိုင်အဖောက်သပ်ရပ်ညီညွတ်မှု ၊ လိုက်ဖက်သော ဝတ်စားဆင်ယင်မှု ၊တော်လှန်သင်္ကြန်၏ အဓိပ္ပာယ်ပေါ် လွင်မှုများအပေါ် အခြေခံ၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးကော်မတီကအသိပေးထားသည်။ ထို့အပြင်လူမျိုး ၊ ဘာသာ ၊ အသားအရောင်နှင့် လိင်စိတ်ခံယူတိမ်းညွှတ်မှု အပေါ်ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းများသုံးနှုန်းခြင်းမပြုရန် သတ်မှတ်ထားသည်။

“သံချပ်မှာ စစ်ကောင်စီကို ထိုးနှက်တာရယ်၊ တော်လှန်ရေးအင်အားစုတွေရဲ့ အမှားတွေကို ထိန်းကျောင်းဝေဖန်တဲ့အကြောင်းအရာတွေပါပါတယ်။တာဝန်ရှိသူတွေအနေ နဲ့ စောင့်ကြည့်တယ်ဆိုရင်တော့ဝမ်းသာပါတယ်။ ဝေဖန်မှုကိုလက်ခံနိုင်သလို ပြုပြင်မှု ကို ဆောင်ရွက်ရဲဖို့လိုပါတယ်” ဟု တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်အဖွဲ့ ဦးဆောင်သူတဦးဖြစ်သည့် ဗိုလ်စနေကမဇ္စျိမ ကိုပြောသည်။

သံချပ်အဖွဲ့များကအမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား ဝေဖန်ထောက်ပြမှုများကို မှတ်သားထားသလို လိုအပ်ချက်များအား တိုက်တွန်းတောင်းဆိုမှုများကို ကြိုဆိုသည်ဟု NUG အစိုးရ၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

“NUG ကို ဝေဖန်ထောက်ပြမှုတွေကို မှတ်သားထားပါတယ်။အားမလိုအားမရမှုတွေ၊ ပြည်သူတွေဆီကို ဖိတ်ခေါ်သံတွေ ၊ ထိန်းကျောင်းဖို့ သတိပေးသံတွေကို အကုန်ကြားပါတယ်။ ပိုမိုလုပ်ဆောင်ရမယ့်အချက်တွေပါ။သံချပ်ဆိုတာ ကြောက်စရာမဟုတ်ပါ ၊ ချစ်စရာကောင်းတဲ့ အနုပညာတရပ်ပါပဲ” ဟု ဧပြီလ ၁၆ရက်နေ့တွင် ရေးသားထားသည်။

၎င်းတို့သည် ပြည်သူ့ကိုယ်စားပြုသူတွေဟု မကြွေးကြော်ဘဲ ပြည်သူ့အသံများကို ထင်ဟပ်စေသော သံချပ်စစ်သည်သူရဲကောင်းများဖြစ်သောကြောင့် လေးစားကြောင်းနှင့် သံချပ်များ၏ထုံးစံအတိုင်း ခေတ်ကိုထင်ဟပ်သည့် စာသားများနှင့် ကလိထားရိထားမှုများက ချစ်စရာ‌ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

တန်ခူးလေတော်လှန်သင်္ကြန်သံချပ်ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း၂၀ ၊ ဒုတိယဆု ၁၅သိန်း၊ တတိယဆု ကျပ်၁၀သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ဆုရငွေကိုကော်မတီရန်ပုံငွေအဖြစ်ထားရှိကာ သပိတ်စစ်ကြောင်းထွက်နိုင်ရေးကိစ္စများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဗိုလ်စနေကပြောသည်။

တန်ခူးလေတော်လှန်သင်္ကြန်သံချပ်ပြိုင်ပွဲဆုရွေးခြယ်ရေးအဖွဲ့ အကဲဖြတ်ဒိုင်များအဖြစ် စာရေးဆရာငြိမ်းသစ်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ ကဗျာဆရာဝေမှူးသွင်နှင့် ကဗျာဆရာAမွန်တို့မှ တာဝန်ယူခဲ့ကြောင်း သိရသည်။

စာတည်း – အေးချမ်း