ချောင်းဦးတွင် ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး ဟုဆို

ရုပ်သံအညွှန်း – ဗုံးချတိုက်ခိုက်ရန် ဒရုန်းများလွှတ်တင်စဥ် (ရုပ်သံ – မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ)

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှစ်ခုကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ ဒုတပ်ကြပ်အပါအဝင် သုံးဦးသေဆုံးကြောင်း မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီး တပ်ခွဲမှ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် သစ်တောဦးစီးဌာနနှင့် လဝကရုံးတို့တွင် ၁၅ ဦးခန့်စီဖြင့် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ကို ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒရုန်းသုံးစင်းနဲ့ ဗုံးသီးရှစ်လုံးချခဲ့တာပါ။ သုံးယောက်သေတယ်၊ တယောက်က ဒုတပ်ကြပ်ဆိုပြီး ဆေးရုံနဲ့ နီးစပ်တဲ့သတင်းပေးမှုကိုအခြေခံပြီး စုံစမ်းအတည်ပြုခဲ့တာပါ”ဟု လျှပ်စီးတပ်ခွဲ ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

နာရီဝက်ခန့်အကြာတိုက်ခိုက်မှုအတွင်း လက်လုပ်ကျကွဲဗုံးအမျိုးစား တကီလို လေးလုံးနှင့် တကီလိုခွဲ လေးလုံးကို ဒရုန်းသုံးစင်းအသုံးပြုတိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ၆၀ မမအပါအဝင် လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခဲ့သော်လည်း ကာကွယ် ရေးပူးပေါင်းအဖွဲ့ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ (၄) မီးတောက်တပ်ခွဲ၊ မုံရွာခရိုင် အမှတ်(၈)တပ်ရင်းနှင့် ရန်ရှင်းဒေသ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ခရီးသွားပြည်သူများနှင့် ကားများကို အတင်းအဓမ္မ ငွေတောင်းခံ လေ့ရှိသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သားများသည် ကားများကို ၅၀,၀၀၀ ကျပ်ခန့်တောင်းရမ်းလေ့ရှိကြောင်း သိရသည်။

ယခုတိုက်ခိုက်ခဲ့သည့် ဒရုန်းတွင်ချိတ်သည့် ဗုံးသီးတလုံးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၈၀,၀၀၀ ခန့်ရှိ ပြီး ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ရန်ပုံငွေအခက်အခဲရှိသောကြောင့် ကူညီထောက်ပံ့ပေးကြပါရန် လျှပ်စီး တပ်ခွဲပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ