အာရက္ခတပ်တော် (AA)နှင့် လက်တွဲမည်ဟု ချင်းညီနောင် သဝဏ်လွှာပို့

ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း AA ရဲဘော်များမြင်တွေ့ရစဥ်

ပါခွီး

(မဇ္စျိမ) ။ ။ ရခိုင်ဒေသခံများနှင့် ချင်းပြည်သူလူထု၏ အကျိုးစီးပွား အပြန်အလှန်စောင့် ရှောက်ကူညီရေးတွင် အာရက္ခတပ်တော်(AA) နှင့်လက်တွဲ သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ (Chin Brotherhood) က ပြောကြားလိုက်သည်။

ယခုနှစ်တွင် ကျရောက်သော ရက္ခိုင်တပ်တော်(AA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ချင်းတော်လှန်ရေး ခြောက်ဖွဲ့ စုစည်းထားသည့် ချင်းညီနောင်အဖွဲ့မှ ပေးပို့သော သဝဏ်လွှာတွင် ထိုသို့ပြောထားခြင်း ဖြစ်သည်။

အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းပြီး အမျိုးသားတန်းတူရေး ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန် တီးရေးတို့အပြင် ရခိုင်ပြည်သူလူထုနှင့် ချင်းပြည်သူလူထု၏ အကျိုးစီးပွားတို့ကို အပြန်အလှန်စောင့်ရှောက်ကူညီရေးတို့တွင် AAနှင့်လက်တွဲပြီး ပန်းတိုင်ရောက်သည်အထိ အတူချီတက်သွားမည်ဟုလည်း ဆိုသည်။

“ ကျနော်တို့ဆိုလိုတာက ဒီတော်လှန်ရေးကာလတခုတည်းမှာ ပူးပေါင်းတာမျိုး မဟုတ်ဘဲ ရေရှည်မှာချင်းပြည်သူနဲ့ရခိုင်ပြည်သူတွေရဲ့ကူးလူးဆက်ဆံရေး၊စီးပွား ကူးသန်း ရောင်းဝယ်ရေးတွေပါတိုးတက်လာဖို့ကိုရည်ရွယ်တာပါ” ဟု ချင်းညီနောင် အဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

အဖွဲ့အစည်းအချင်းချင်းအကြား ဆက်ဆံရေးတိုးမြှင့်ပြီး ပြည်သူများ၏ အကျိုးစီးပွား များဖြစ်ထွန်းရန် ပေါင်းကူးပေးသည့် တံတားအဖြစ်ရှိသွားမည်ဟုလည်း ဆိုသည်။

အခက်အခဲ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရက္ခိတလမ်းစဥ်အတိုင်း ၁၅နှစ် တိုင် ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့သည့်အတွက် ချင်းညီနောင်အနေဖြင့် အထူးဂုဏ်ယူဝမ်း မြောက်မိကြောင်းလည်း သဝဏ်လွှာတွင် ပြောထားသည်။

အာရက္ခတပ်တော်၏ (၁၅)နှစ်ပြည့်သော ယခုနှစ်သည် နိုင်ငံရေး ၊ စစ်ရေး ရည်မှန်းချက်များ ကို သိသာထင်ရှားစွာ အကောင်အထည်ဖော်နိုင်ခဲ့သောနှစ်ဖြစ်ပြီး AA ၏ ရဲရင့်ထက်မြက်သော ဦးဆောင်မှုများကို မှတ်ကျောက်တင်နိုင်ခဲ့သောနှစ်ဟု ဆိုသည်။

ရခိုင်ပြည်သူနှင့် အာရက္ခတပ်တော်တို့၏ အိမ်ပြန်ခရီး စစ်ဆင်ရေးကြီးများသည် မြန်မာ လူထုတရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ်ချုပ် ငြိမ်းရေးအတွက် ကြီးစွာသော အထောက်အပံ့နှင့် မျှော်လင့်ချက်
ဖြစ်ကြောင်းလည်း ချင်းညီနောင်အဖွဲ့က ဆိုသည်။

အာရက္ခတပ်တော်နှင့် ရခိုင်ပြည်သူများလိုလားသော နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း သဝဏ်လွှာတွင် ပြောထားသည်။

ချင်းညီနောင်အဖွဲ့ တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF Zoland) ၊ ချင်းအမျိုး သားအဖွဲ့ချုပ် (CNO/CNDF) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CDF- Mindat) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်(CDF – Kanpetlet) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ/တပ်မဟာ (၁) တို့ ပါဝင်သည်။

အာရက္ခတပ်တော် (AA) သည် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သော ထိုးစစ်များအတွင်း ရခိုင်က မြို့ရှစ်ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားသည်။

စာတည်း။ ။ နောင်နောင်