မြဝတီသို့ ဦးတည်နေသည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံနေရပြီး သံချပ်ကာ ကား ၁ စီး နှင့် ကား ၃ စီး ပျက်စီး

ပုံအညွှန်း- ကရင်ပြည်နယ် ဘက်သို့ လာသည့် စစ်ကောင်စီ စစ်ကြောင်းတချို့

ဂျူချန်း

မဇ္ဈိမ။ ။ ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ စစ်ကူပေးရန် ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး သံချပ်ကာကားတစီး နှင့် စစ်ကား သုံးစီး ပျက်စီးသွားကြောင်း ကော်ဘရာစစ်ကြောင်း ထံက သိရသည်။

ယနေ့ ( ဧပြီလ ၁၃ ရက် ) တွင် ကော့ကရိတ်မြို့အထွက် ကော့နွဲ့ကျေးရွာအနီး၌ တော်လှန်ရေး ပူးပေါင်းအဖွဲ့က စစ်ကောင်စီယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သည့် ပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီယာဥ်များ ထိုသို့ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ယာဉ် သုံးစီး သံချပ်ကာ နှစ် စီး ထဲက တစီးက သုံးမရတော့ဘူး။ လုံးဝပျက်သွားတာ။ (ပျက်စီးသွားသည့် ယာဉ်များကို) ရတော့ မရလိုက်ဘူး။ ” ဟု ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်စောကော်က မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ သုံးဦး အပါအဝင် ၁၅ ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း ၎င်းကဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များကြား ချိတ်ဆက်မှု လွတ်သွားချိန် ထိုယာဥ်တန်းသည် ကော့ကရိတ်မြို့တွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယာဥ်တန်းရှေ့ဆက်မတိုးနိုင်ရန် တားဆီးနေကြောင်း
ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

“ ကျွန်တော်တို့နိုင်သလောက် ကာကွယ်နေပါတယ်” ဟု ဗိုလ်မှူးကျော်ဟိန်းက မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ်မှ ဧပြီလ ၁၀ ရက်တွင် ထွက်ခွာလာသည့် ထိုယာဥ်တန်းသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ဖြတ်ပြီး မြဝတီမြို့ရှိ စစ်ကောင်စီအဖွဲ့ထံ စစ်ကူပေးရန် သွားရောက်နေခြင်းဖြစ်သည်။

ကော့ကရိတ်မြို့နှင့် မြဝတီမြို့သည် ၂၇ မိုင် (၄၃ ကီလိုမီတာ) ခန့် ကွာဝေးပြီး ကြားတွင် သင်္ကန်းညီနောင် ကျေးရွာအုပ်စု ရှိသည်။ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် မြို့စောင့်တပ် ခလရ(၂၇၅) ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဧပြီလ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီသည် မြဝတီမြို့ကို လက်မလွှတ်ရရေးအတွက် စေလွှတ်နေသည့် စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့ဖြတ်တောက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဧပြီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလ ၁၃ ရက် နေ့လယ် ၂ နာရီမေးမြန်းချက်အရ ထိုစစ်ကောင်စီစစ်ကြောင်းသည် အာရှလမ်းအတိုင်း မြဝတီမြို့နယ်ဘက်သို့ တက်လာနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး