ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို လူစားလဲခဲ့တဲ့အကြောင်း ဂွာဒီယိုလာ ရှင်းပြ

Photo: EPA

By PKThawn

ပင်နယ်တီအဆုံးအဖြတ်မှာ ရီးယဲလ်မက်ဒရစ်ကြောင့် သူ့အသင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကနေ လှည့်ပြန်မသွင်းခင် ထိပ်တန်းဂိုးသွင်းရှင် အာလင်း ဟာလန်းနဲ့ ကစားကွက်ဖန်တီးရှင် ကီဗင် ဒီဘရိုင်းတို့ နှစ်ဦးစလုံးဟာ လူစားလဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွာဒီယိုလာက ပြောပါတယ်။

နှစ်ကျော့ပေါင်းရလဒ် ၄-၄ ဂိုးနဲ့ သရေဖြစ်ခဲ့ပြီးနောက် စီးတီးဟာ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်မှာ ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီကစားသမားနှစ်ဦးဟာ ကွင်းထဲမှာသာ ဆက်ရှိနေမယ်ဆိုရင် ပင်နယ်တီကန်သွင်းရနိုင်ဖွယ်ရှိပါတယ်။

နောက်ခံလူ အကန်ဂျီဟာ မကြာသေးခင်က ရရှိခဲ့တဲ့ ဒဏ်ရာတွေရဲ့ ဆိုးမွေကြောင့် လူစားလဲဖို့ လိုအပ်ခဲ့တဲ့ တတိယမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။

ဂွာဒီယိုလာက “ဟာလန်းနဲ့ ဒီဘရိုင်းတို့ဟာ လူစားလဲပေးဖို့ ကျနော့်ကို တောင်းဆိုခဲ့တယ်။ သူတို့ဟာ ဆက်ပြီး မကစားနိုင်တော့ပါဘူး။ သူတို့ပွဲထဲမှာ အံ့သြစရာကောင်းအောင်လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ကျနော်ဟာ အများကြီးလူစားလဲဖို့ မစီစဉ်ခဲ့ပေမယ့် သူတို့တောင်းဆိုခဲ့တာကြောင့် လူစားလဲခဲ့ရတယ်”လို့ ပြောပါတယ်။

မိနစ် ၉၀ အပြီးမှာ ဟာလန်းကို ပင်နယ်တီသွင်းယူနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်နဲ့ အစားထိုးခဲ့သလို စီးတီးအတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ ဒီဘရိုင်းကိုလည်း အချိန်ပို ပထမပိုင်းမှာ လူစားလဲခဲ့ပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်လူနေရာ အစားဝင်ရောက်လာခဲ့တဲ့ မက်တီအို ကိုဗာဆစ်ရဲ့ ပင်နယ်တီကန်သွင်းမှုကို ရီးယဲလ်ဂိုးသမား အန်ဒရီလူနင်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

စီးတီး နည်းပြကတော့ ပင်နယ်တီကန်ဖို့ တောင်းဆိုခဲ့ပေမယ့် ကန်သွင်းရာမှာတော့ ဆိုးရွားခဲ့တဲ့ ကိုဗာဆစ် ဒါမှမဟုတ် ဘာနာဒို ဆေးလ်ဗားတို့ကို ပြစ်တင်ဝေဖန်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ဘာနာဒိုက ယုံကြည်စိတ်ချရတဲ့ ကစားသမားပါ”လို့ သူက ပြောပါတယ်။ “သူ ပင်နယ်တီကန်ချင်ခဲ့တယ်။ သူ လုပ်နေကျပုံစံအတိုင်း ကန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကို လက်ခံရမှာပဲ။”

စီးတီးဟာ အီတီဟတ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းနဲ့အတူ ဂိုးပေါက်ကန်သွင်းမှု ၃၃ ကြိမ်ကနေ ဂိုးပေါက်တည့်မှု ၉ ကြိမ်အထိရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်ကတော့ ဂိုးပေါက်တည့်မှု ၃ ကြိမ်ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ စီးတီးရဲ့ ဖလားကာကွယ်မှုအတွက် အသုံးမဝင်ခဲ့သလို တချိန်တည်းမှာပဲ သမိုင်းဝင် ဖလားသုံးလုံး နှစ်ကြိမ်ဆက်အတွက် သူတို့ရဲ့ မျှော်လင့်ချက်ကလည်း ပျက်ပြယ်သွားခဲ့ပါတယ်။

“ဂျိုဟန် ခရိုက်ဖ်က ကံကောင်းတယ်ဆိုတာ မရှိဘူးလို့ ပြောခဲ့တယ်၊ သူပြောတာကို ကျနော် သဘောတူပါတယ်”လို့ ဂွာဒီယိုလာက ပြောပါတယ်။

“ခုလိုမျိုးကြီး ရှုံးနိမ့်ခဲ့တာကတော့ နာကျင်ရပါတယ်။ ကျနော်တို့တွေ စိတ်ပျက်ခဲ့ရတယ်ဆိုပေမယ့် အရာအားလုံးကို လုပ်ခဲ့ပါတယ်။ ကျနော်တို့ လုပ်ခဲ့ပြီးတဲ့အရာတွေအတွက် ကျနော်တို့မှာ နောင်တရစရာ မရှိပါဘူး။”

စီးတီးဟာ စနေနေ့မှာ ဝင်ဘာလေကွင်းမှာ FA ဖလား ဆီမီးဖိုင်နယ်ကို ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရဖို့အတွက် ပြင်ဆင်ချိန်အနည်းငယ်သာ ရှိပါတယ်။

ဂွာဒီယိုလာက ဒီရှုံးပွဲဟာ နာကျင်ရမယ်ဆိုတာ သိထားပါတယ်။ ဘယ်လိုပဲဖြစ်စေ ရီးယဲလ်တို့ဟာ ပြိုင်ပွဲရဲ့ ဟဲဗီးဝိတ်တွေဖြစ်ပြီး လာမယ့်ဇွန်လမှာ ဝင်ဘလေကွင်းမှာ ၁၅ ကြိမ်မြောက်စံချိန်မှတ်တမ်းအတွက် ဆုဖလားကို ဆက်လက်ကိုင်မြှောက်နိုင်ဖို့ အခုအချိန် ရေပန်းစားနေမှာဖြစ်ပါတယ်။

“ကျနော်တို့ နေရာစုံမှာ တအားကောင်းအောင် ကစားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျနော်တို့ အနိုင်မရခဲ့ပါဘူး”လို့သူက ပြောပါတယ်။

အမြဲတမ်း ပြိုင်ဘက်ထက် ဂိုးပိုသွင်းပြီး ပေးဂိုးနည်းအောင် လုပ်ဖို့ပါ။ ဒါက အနိုင်ရအောင် ကူညီပေးလို့ပါ။ ဒါပေမယ့် ကျနော်တို့ရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ပါဘူး။

“ရီးယဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ဆိုရင် အကောင်းဆုံးဖြစ်အောင် လုပ်ပြနေရမယ်။ ကျနော်တို့ အကောင်းဆုံးလုပ်ခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး။”

(BBC)