တရုတ်ဗဟိုဘဏ်များ ငွေကြေးပြတ်လပ်နေ

ပုံ - တရုတ်ယွမ် ငွေစက္ကူများ (ဓာတ်ပုံ-Reuters)

ပုံ – တရုတ်ယွမ် ငွေစက္ကူများ (ဓာတ်ပုံ-Reuters)


The Hong Kong Post

တရုတ်နိုင်ငံတွင် အလုပ်ဖြုတ်ခြင်းနှင့် လစာဖြတ်တောက်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေကာ နိုင်ငံ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေသည်။

လက်ရှိအချိန်တွင် အလုပ်သမားများသည် လုပ်ခကြွေးကျန်များနှင့် အလုပ်ထုတ်ခံရမှုများ ကြုံတွေ့နေရရုံသာမက အဆိုပါပြဿနာများသည် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းစနစ်ကိုလည်း ထိခိုက်စေသည်။ ဝန်ထမ်းများမှာ လုပ်ခကြွေးများမရရှိဘဲ အလုပ်မှရပ်စဲခံရသည့် ဖြစ်ရပ်များစွာလည်း ရှိသည်။ ထို့ပြင် ငွေစုသူများသည် အကောင့်များ ပျက်သွားကာ လျော်ကြေးမရဘဲ ငွေများ မထုတ်ယူနိုင်သည့် ဖြစ်ရပ်များပင် ကြုံနေရသည်။ တရုတ်ပြည်မကြီးရှိ ဘဏ်များနှင့် အာမခံငွေကြေးကုမ္ပဏီ အများအပြားသည် ဝန်ထမ်းလစာများကို လျှော့ချလိုက်ကြသည်။

အကြီးတန်းအမှုဆောင်အရာရှိများလည်း ရာထူးမှနုတ်ထွက်နေကြကာ လစာဖြတ်တောက်ခြင်းသည် စီးပွားရေးကျဆင်းမှု၏ မလွှဲမရှောင်သာသော အကျိုးဆက်တခုဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းအတွက် သိသာထင်ရှားသော ကျဆင်းမှုကို အချက်ပြနေခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူအချို့က ယုံကြည်ထားကြသည်။ ယင်းသည် ငွေကြေးကဏ္ဍတွင် လစာနှုန်းထားမြင့်မားမှုအပေါ် ရှီကျင့်ဖျင်အစိုးရ၏ ဖြိုခွင်းမှုနှင့် ဆက်စပ်မှုရှိကြောင်း တချို့က ထင်ကြေးပေးနေသလို ၎င်းတို့ အသုံးချသည့်နည်းလမ်းများသည် ချို့ယွင်းချက်ရှိပြီး နောက်ဆုံးတွင် တရုတ်စီးပွားရေးကို ထိခိုက်လာနိုင်သည်ဟုဆိုကြသည်။

ဘဏ္ဍာရေးကဏ္ဍတွင် လုပ်ခလစာဖြတ်တောက်ခြင်းသည် တရုတ်နိုင်ငံ စီးပွားရေးနှေးကွေးမှု၏ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်ကြောင်း တရုတ်စီးပွားရေးပညာရှင် ဂေါင်ရှန်လီက Epoch Times သို့ ဧပြီလ ၁၂ ရက်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍကျဆင်းမှုသည် မလွှဲရှောင်နိုင်သောလမ်းကြောင်းတခုဖြစ်ပြီး လုပ်ခလစာလျှော့ချခြင်းသည် လိုအပ်သောခြေလှမ်းတခုဖြစ်နိုင်သည်။ ပြည်သူများသည် ပုံမှန်အတိုင်း ငွေသွင်းငွေထုတ်ခြင်း မပြုလုပ်နိုင်ဘဲ ဘဏ်များကလည်း လုပ်ငန်းများအတွက် ချေးငွေနှင့် ဘဏ္ဍာငွေများ မပံ့ပိုးပေးနိုင်ပါက ဘဏ်လုပ်ငန်းနယ်ပယ်တွင် အကျပ်အတည်း ဖြစ်ပေါ်လာနိုင်သည်ဟု ဂေါင်လီရှန်က ပြောကြားခဲ့သည်။

တရုတ်ကုန်သည်ကြီးများဘဏ်နှင့် စက်မှုဘဏ်တို့မှလွဲ၍ တခြားဘဏ်များ၏ တဦးချင်းလစာမှာ ကျဆင်းသွားကြောင်း တရုတ်အစိုးရပိုင် ဘဏ်ကြီးခြောက်ခု၏ နှစ်ပတ်လည် အစီရင်ခံစာများ၌ ဖော်ပြထားသည်ဟု China News Weekly ကရေးသားထားသည်။

တရုတ်ကုန်သည်ကြီးများဘဏ်၊ တရုတ်ဘဏ်၊ ဘိုဟိုင်းဘဏ်၊ ဟာပင်းဘဏ်၊ တီယန်ကျင်းဘဏ်၊ ဒေါင်ဂွမ်ကျေးလက် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ချုံချင့်ကျေးလက် ကူးသန်းရောင်းဝယ်ရေးဘဏ်အပါအဝင် ဘဏ် ၁၀ ခုထက်မနည်းသည် စွမ်းဆောင်ရည်လစာနှင့် လစာဖြတ်တောက်ခြင်းဆိုင်ရာ အချက်အလက်များကို ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ၌ ကြေညာထားသည်။

ကွမ်ကျိုးဘဏ်မှ ဝန်ထမ်းများသည်လည်း လုပ်ခကြွေးကျန်များ ရစရာရှိနေသည်။ ကွမ်ကျိုးဘဏ်အကြွေးဝယ်ကတ်စင်တာသည် ကိုယ်ဝန်ဆောင်နှင့် မီးနေသည်ဝန်ထမ်းများအပါအဝင် အလုပ်သမားအားလုံး၏ လုပ်ခလစာများကို ထုတ်ပေးရန်ပျက်ကွက်မှုနှင့် နှုတ်ယူမှုများရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန်နေကြသည်။

ကွမ်ကျိုးဘဏ်ဝန်ထမ်းများသည် ရာထူးနှင့် စွမ်းဆောင်ရည်အလိုက် ၂၀၂၄ ခုနှစ်တွင် လစာ ၃၀ ရာခိုင်နှုန်း လျှော့ချခံရမည်ဖြစ်သည်။ ထိုဘဏ်သည် တရုတ်နှစ်သစ်ကူးကာလ ဒီဇင်ဘာလနှင့် ဇန်န၀ါရီလအတွက်ပင် လုပ်အားခကို မပေးချေခဲ့ပေ။ လုပ်အားခများ ပေးရန် ကျန်ရှိနေဆဲဖြစ်ပြီး အာဏာပိုင်များက ကြွေးကျန်များအတွက် ဖြေရှင်းဆဲဖြစ်ကြောင်း အကြောင်းပြချက်ပေးမြဲဖြစ်သည်။ ယခုနှစ် ဧပြီလအစတွင် Shanghai Pudong ဖွံ့ဖြိုးရေးဘဏ်သည် နှစ်ကုန်အပိုဆုကြေးပေးခြင်းကို ပယ်ဖျက်ခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် ကွမ်ကျိုးဘဏ်က လုပ်ခလစာပေးရန် ပျက်ကွက်ခဲ့သည်။ အခြေအနေသည် ယခုနှစ်တွင် ပိုဆိုးလာမည်ဟု ခန့်မှန်းရပြီး အကြောင်းရင်းမှာ စီးပွားရေးစွမ်းဆောင်နိုင်မှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်ဟု မှတ်ယူရသည်။