တရုတ်က  ပစိဖိတ်ဒေသမီဒီယာများအပေါ်  ပိုမိုသြဇာလွှမ်းမိုးလာနေ

ပုံစာ - ဆော်လမွန်ကျွန်းစု ရွေးကောက်ပွဲအကြိုကာလတွင် လွှတ်တော် ဒု-ဥက္ကဌဟောင်း နမ်ဆန်ထရန်ကို ထောက်ခံသူများအား တွေ့ရစဉ်။

ပုံစာ – ဆော်လမွန်ကျွန်းစု ရွေးကောက်ပွဲအကြိုကာလတွင် လွှတ်တော် ဒု-ဥက္ကဌဟောင်း နမ်ဆန်ထရန်ကို ထောက်ခံသူများအား တွေ့ရစဉ်။

The Conversation

ဆော်လမွန်ကျွန်းစုနိုင်ငံမှ ပြည်သူများသည် ဧပြီလ ၁၇ရက်တွင် မဲရုံသွားပြီး မဲပေးခြင်းက ဝန်ကြီးချုပ် အသစ်တဦးကို ရွေးကောက်ခြင်းထက် ပိုသည့်အဓိပ္ပာယ်ရှိသည်။ 

ယခုရွေးကောက်ပွဲသည် တရုတ်၏ မဟာဗျူဟာမြောက်မဟာမိတ်အဖြစ် ဆော်လမွန်ကျွန်းစုက ဆက်လက်ရှိနေမည်လားဆိုသည်ကို လူထုဆန္ဒခံယူပွဲပြုလုပ်သည့် သဘောလည်း ဖြစ်သည်။

ဝန်ကြီးချုပ်ဆိုဂိုဗာရီသည် တရုတ်နှင့် မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သောလုံခြုံရေးသဘော တူညီချက် အသေးစိတ်အချက်များနှင့် ပတ်သက်၍ လျှို့ဝှက်ထားဆဲဖြစ်ပြီး အထူးသဖြင့် သြစတြေးလျ မီဒီယာများ၏ ဝေဖန်မှုကို အလွန်အမင်း သတိထားနေသည်။ 

ဥပမာ ၂၀၂၂ခုနှစ်တွင် တရုတ်နှင့် ဆော်လမွန်ကျွန်းစု၏ ပတ်သက်မှုများကို စုံစမ်းစစ်ဆေးနေသည့် ABC ဂျာနယ်လစ်များကို တားမြစ်ပိတ်ပင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

လုံခြုံရေးသဘောတူစာချုပ်သည် တရုတ်၏ ကျယ်ပြန့်သော ပိုးလမ်းမရပ်ဝန်းစီမံကိန်း (BRI)၏ သေးငယ် သော အစိတ်အပိုင်းတခုမျှသာဖြစ်ပြီး ယင်းစီမံကိန်းက ဒေသတွင်းတလျှောက်တရုတ်သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်စေခဲ့သည်။

ယင်းတွင် မီဒီယာကို အာရုံစိုက်ခြင်းလည်း ပါဝင်သည်။ တရုတ်က ပစိဖိတ်ဒေသတွင်း သတင်းထောက် များအား သင်တန်းစေလွှတ်ခြင်းနှင့် တရုတ်သို့ ခရီးသွားလာရေးအတွက် ရန်ပုံငွေ ပံ့ပိုးထားပြီး ဒေသ တွင်း မီဒီယာများအား အခြေခံအဆောက်အအုံစီမံကိန်းများနှင့် တရုတ်မော်တော်ယာဉ်များအတွက် အကြောင်းအရာပိုင်းနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ပေးခဲ့သည်။

ယင်းရန်ပုံငွေများတွင် နှောင်ကြိုးများ တွဲပါလာသည်ဟူသည့် စွပ်စွဲချက်များရှိနေသည်။

ဆော်လမွန် ကျွန်းစု၏ ရှေးအကျဆုံးသတင်းစာသည် တရုတ်ဦးစားပေး သတင်းဖော်ပြမှုအတွက်တရုတ်ထံမှ ငွေလက်ခံရရှိခဲ့ကြောင်း ၂၀၂၃ခုနှစ်တွင် ABC က ဖော်ပြခဲ့သည်။ 

သတင်းစာသည် လွတ်လပ်မှုကို ထိန်းသိမ်းထားပြီး ဩစတြေးလျ ထံမှ ရန်ပုံငွေရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြောင်း The Solomon Star ၏ အယ်ဒီတာက ပြောကြားခဲ့သည်။

တရုတ်၏ သြဇာလွှမ်းမိုးမှုသည် ယခုအခါ အလွန်သိသာထင်ရှားနေပြီး၊ ဝါရင့်သတင်းထောက်နှင့် ပစိဖိတ် ရေးရာ အထူးကျွမ်းကျင်သူ စူးအာအန်က တရုတ်က ပစိဖိတ်ဒေသ၏ သတင်းအချက် အလက်စစ်ပွဲတွင် အနိုင်ရနေပြီဟု ပြောကြားခဲ့သည်။ 

သို့တိုင်၊ ၂၀၂၃ခုနှစ်တွင် ABC မှပြုလုပ်သော သုတေသနပြုချက်အရ ပစိဖိတ်ကျွန်းသားများသည် သြစတြေးလျမီဒီယာကို အခြားနိုင်ငံများ၏မီဒီယာများထက်ပိုမိုအားကိုးပြီး ယုံကြည်နေကြဆဲဖြစ်သည်။

ကျွန်းခြောက်ကျွန်းတွင် ငါးကျွန်းက ABC သည် တန်ဖိုးအရှိဆုံးနှင့် အနှစ်သက်ဆုံး နိုင်ငံတကာအသံလွှင့်ဌာန ဖြစ်ကြောင်း ဆိုကြသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင်၊ ဆော်လမွန်ကျွန်းစု မဲဆန္ဒရှင်များအား ဘက်မလိုက်ဘဲသတင်းအချက်အလက်များတင်ပြရေးနှင့် ဒေသတွင်းမီဒီယာများကို ပံ့ပိုးပေးရုံသာမကရွေးကောက်ပွဲနှင့် အခြား ပြည်တွင်းရေးဆိုင်ရာ ပြဿနာများကိုလည်း ဒေသတွင်းပရိသတ်များအား အစီရင်ခံတင်ပြရေးအတွက် ဩစတြေးလျမီဒီယာများကို လိုအပ်နေသည်မှာထင်ရှားလှသည်။

ဩစတြေးလျသည် အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ ယုံကြည်မှု တည်ဆောက်ရန်လိုအပ်နေပြီဖြစ်သည်။