အမှတ်အနိမ့်ဆုံးအရာရှိများအား နျူးကလီးယားရေငုပ်သင်္ဘော ကွပ်ကဲရေးမှူးများအဖြစ် တရုတ် ရွေးချယ်

Business Insider:-

အနောက်တိုင်း ရေတပ်များတွင် ထက်မြက်ပြီး အရည်အချင်းပြည့်ဝသည့် အရာရှိများကိုသာ နျူးကလီးယားရေငုပ်သင်္ဘောများကို အမိန့်ပေးကွပ်ကဲရန် ရွေးချယ်လေ့ရှိသည်။ သို့သော် တရုတ်ရေတပ်တွင်မူ အင်ဂျင်နီယာများမှအပ ရေငုပ်သင်္ဘောအရာရှိများမှာ ဝင်ခွင့်စာမေးပွဲတွင် ရမှတ်အနည်းဆုံးသူများ ဖြစ်နေတတ်ကြောင်း အမေရိကန်စစ်တမ်းတခုတွင် ဖော်ပြထားသည်။ တရုတ်ရေတပ်မှ ရေငုပ်သင်္ဘောကွပ်ကဲရေးမှူးများသည် အတော်ဆုံးသူများမဟုတ်ဘဲ ရေငုပ်သင်္ဘောစစ်ပွဲဆိုင်ရာ ဖိအားများနှင့် စိန်ခေါ်မှုများကို ကိုင်တွယ်နိုင်မည့် အထက်မြက်ဆုံးသူများမဟုတ်ကြောင်း ယင်းအချက်က ညွှန်ပြနေသည်။ 

တရုတ်စစ်တပ် တက္ကသိုလ်များအတွက် Gaokao အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ ရမှတ်ဆိုင်ရာ အချက်အလက်များအရ  တရုတ်ရေတပ်အင်ဂျင်နီယာတက္ကသိုလ်သည် တရုတ်စစ်တပ်တက္ကသိုလ်များအနက် စာမေးပွဲရမှတ်တွင် ယေဘုယျအားဖြင့် အဆင့်နှစ်ဖြစ်ကြောင်း အမေရိကန်ရေတပ်စစ်ကောလိပ်ရှိ တရုတ်ရေကြောင်းဆိုင်ရာလေ့လာရေးကျောင်းမှ တရုတ်စစ်တပ်ရေးရာကျွမ်းကျင်သူ ရော့ဒ်ရစ်ခ်လီ ရေးသားသည့်စာတမ်းတွင် ဖော်ပြထားသည်။ သို့သော် ရေငုပ်သင်္ဘောတက္ကသိုလ်သည် တရုတ်စစ်တပ်တက္ကသိုလ်များအနက် အမှတ်အနည်းဆုံးတက္ကသိုလ်သုံးခုတွင် အမြဲတမ်းပါဝင်လျက်ရှိသည်။ 

ကျောင်းသားတဦး၏ Gaokao ကောလိပ်ဝင်ခွင့်ရမှတ်သည် ၎င်း၏ အလုံးစုံ စွမ်းဆောင်ရည်အလားအလာကို ထင်ဟပ်စေပါက တရုတ်ရေတပ်ရှိ ရေငုပ်သင်္ဘောတပ်ဖွဲ့မှ အင်ဂျင်နီယာမဟုတ်သော အရာရှိလောင်းများသည် အင်ဂျင်နီယာအရာရှိလောင်းများလောက် အရည်အချင်းပြည့်ဝမှုမရှိဟု ယူဆနိုင်သည်။ 

ရေတပ်အများစုတွင် သင်္ဘောအင်ဂျင်ကို ထိန်းသိမ်းကိုင်တွယ်ရသည့် အင်ဂျင်နီယာများနှင့် ရေယာဉ်မှူး၊ ရေကြောင်းပြနှင့် လက်နက်အရာရှိကဲ့သို့သော ကုန်းပတ်အရာရှိများအကြား အားပြိုင်လေ့ရှိကြသည်မှာ ထူးဆန်းသောကိစ္စမဟုတ်ပေ။ သို့သော် အမေရိကန်ရေတပ်တွင် ရေငုပ်သင်္ဘောအရာရှိနှင့် ကွပ်ကဲရေးမှူးအားလုံးသည် နျူကလီးယားအင်ဂျင်နီယာဘာသာရပ်ကို လေ့ကျင့်သင်ကြားကြရသည်။ တရုတ်အရာရှိတဦးသည် ရေငုပ်သင်္ဘောကို ကွပ်ကဲရသည့်ချိန်ရောက်သောအခါ ၎င်းတို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပြီးနောက်ပိုင်း လေ့ကျင့်မှုနှင့်ရေယာဉ်အတွေ့အကြုံ ဆယ်စုနှစ်တခုကျော် ရှိထားပြီးဖြစ်သည်။ 

အမေရိကန်၊ ဂျပန် သို့မဟုတ် ထိုင်ဝမ်တို့နှင့် ပဋိပက္ခဖြစ်ပွားလျှင် ရေငုပ်သင်္ဘောများသည် တရုတ်အတွက် အရေးပါဆုံးလက်နက်များ ဖြစ်လာမည်ဖြစ်သော်လည်း တရုတ်ရေတပ်အတွင်း ရွေးချယ်မှုတွင် လွန်စွာကွဲပြားခြားနားခြင်းမှာ ထူးခြားသည်။ လက်ရှိတွင် တရုတ်ရေတပ်၌ ရေငုပ်သင်္ဘော အစီး ၆၀ ခန့်ရှိသည်။ ၎င်းတို့အနက်မှ ၆ စီးတွင် နျူးကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးကျည်များ တပ်ဆင်ထားပြီး အခြား ဒီဇယ်စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၄၆ စီးတွင် သင်္ဘောဖျက်ဒုံးကျည်များနှင့် တော်ပီဒိုများ တပ်ဆင်ထားသည်။ 

ပညာရေး အရည်အချင်းနှင့် စစ်ရေးကျွမ်းကျင်မှုတို့အကြား ဆက်နွှယ်မှု ရှိ၊ မရှိ ငြင်းခုံဆွေးနွေးမှုများ အမြဲရှိနေခဲ့သည်။ 

တရုတ်ရေတပ် ရေငုပ်သင်္ဘောတွင် တာဝန်ထမ်းဆောင်ရသည့်ဘဝမှာ ခက်ခဲကြောင်း တရုတ်ရေကြောင်းဆိုင်ရာလေ့လာရေးကျောင်းမှ ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ရှာမန်က Business Insider သတင်းဌာနသို့ ပြောကြားခဲ့သည်။ “စိန်ခေါ်မှုများသည့် အခြေအနေများ ရှိနေပြီး တရုတ်သည် အတိတ်က ရေငုပ်သင်္ဘော မတော်တဆမှုများ ကြုံခဲ့ရဖူးသည်။ ထို့ကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့တွင် တာဝန်ထမ်းရသည့် ဘဝမှာ ဆွဲဆောင်မှု သိပ်မရှိခြင်းဖြစ်သည်” ဟု ၎င်းကဆိုသည်။ 

ရေငုပ်သင်္ဘော အထူးသဖြင့် နျူးကလီးယားစွမ်းအင်သုံး သို့မဟုတ် နျူးကလီးယားဒုံးကျည်တပ် ရေငုပ်သင်္ဘောတစီးကို ရမှတ်နည်းသော အရာရှိတဦးက ကွပ်ကဲနေသည်ဟု တွေးကြည့်ပါက သံသယဖြစ်ဖွယ်ကောင်းသည်။ သို့သော် တရုတ်ရေငုပ်သင်္ဘောတပ်ဖွဲ့သည် စွမ်းဆောင်ရည်ရှိသော တပ်ဖွဲ့အဖြစ် ရှိနေသေးသည်ဟု လီက ယုံကြည်လျက်ရှိသည်။ 

တရုတ်ရေငုပ်သင်္ဘောကွပ်ကဲရေးမှူးများ၏ ပညာအရည်အချင်းနိမ့်ကျမှုသည် အမေရိကန် ရေငုပ်သင်္ဘောဖျက်လက်နက်များက အခွင့်ကောင်းယူနိုင်မည့် အားနည်းချက်ဖြစ်သွားနိုင်သည်။ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း သို့မဟုတ် မမျှော်လင့်ထားသည့် စိန်ခေါ်မှုများ အကြိမ်ကြိမ်ပြုလုပ်ခြင်းအားဖြင့် တရုတ်ရေငုပ်သင်္ဘောကွပ်ကဲရေးမှူးများကို ဖိအားပေးပါက အမှားများ ပြုလုပ်လာနိုင်ခြေရှိသည်။ 

အခြားတဖက်တွင်လည်း တရုတ်ရေငုပ်သင်္ဘောကွပ်ကဲရေးမှူးများသည် ကွပ်ကဲရေးတာဝန်မထမ်းဆောင်မီ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိထားပြီး နောက်ထပ် လေ့ကျင့်သင်ကြားမှုများပြုလုပ်ထားသည်။ ဝင်ခွင့်ရမှတ်သည် တိုက်ခိုက်ရေးစွမ်းရည်အပေါ် သက်ရောက်မှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမည်ဖြစ်သည်။