တရုတ်၏ စစ်ဘက်ဆိုင်ရာ AI ရည်မှန်းချက်များက ကမ္ဘာ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုကြီးဖြစ်

The Singapore Post

တရုတ်စစ်တပ်အတွက် AI ချစ်ပ်များဝယ်ယူရန် ကြိုးပမ်းသည့် တရုတ်ကုမ္ပဏီလေးခုကို အမည်ပျက်စာရင်းသွင်းလိုက်သော အမေရိကန်၏ လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကြီးလွန်းသော နည်းပညာခရီးနှင်မှုအပေါ် မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ဉာဏ်ရည်တု (AI) တွင် တရုတ်၏ စစ်ရေးခေတ်မီအောင် ကြိုးပမ်းမှုများအပေါ် တကမ္ဘာလုံးက စိုးရိမ်နေချိန်မှာ အမေရိကန်၏ လှုပ်ရှားမှုသည် အနာဂတ်စစ်ပွဲကို ပုံဖော်ရာတွင် AI ကိရိယာများ၏ မဟာဗျူဟာမြောက် အရေးပါမှုကို အလေးပေးဖော်ပြနေသည်။

အမေရိကန်က အမည်ပျက်စာရင်းသွင်းထားသော ကုမ္ပဏီများမှာ ပေကျင်း LINKZOL Technology Co၊ Xi’an Like Innovative Informa Information Technology Co၊ Beijing Anwise Technology Co နှင့် SITONHOLY (တီယန်ကျင်း) တို့ဖြစ်သည်။

တရုတ်က AI ကို ၎င်း၏စစ်အင်အားကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ရှုမြင်ထားသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ၂၀၃၅ ခုနှစ်တွင် တရုတ်စစ်တပ်ကို ခေတ်မီစစ်တပ်ဖြစ်ရန်နှင့် ရာစုနှစ်ဝက်ခန့်တွင် ကမ္ဘာ့အဆင့်မီစစ်တပ်အဖြစ် ပြောင်းလဲရန် ရည်မှန်းချက်ကြီးကြီးမားမားချမှတ်ထားသည်။ ရှီက တရုတ်စစ်တပ်အား နယ်ပယ်သစ်များနှင့် အရည်အသွေးသစ်များတွင် တိုက်ခိုက်ရေးတပ်ဖွဲ့များ၏ အစွမ်းအစကိုမြှင့်တင်ရန် ၂၀၂၃ ခုနှစ် မတ်လတွင် တိုက်တွန်းခဲ့သည်။

ထိုရည်မှန်းချက်များ၏ တစိတ်တပိုင်းအနေဖြင့် ရှီက စက်မှုနည်းပညာမှ သတင်းအချက်အခြေခံနည်းပညာနှင့် ဥာဏ်ရည်တု၊ ကွမ်တမ် ကွန်ပျူတာ၊ အချက်အလက်များနှင့် အခြားပေါ်ပေါက်လာသော နည်းပညာများကို ပူးတွဲအင်အားစုအဖြစ် ပေါင်းစည်းခြင်းကို ရည်ညွှန်းသည့် ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဉာဏ်ရည်တုအား အသုံးချမှုအထိ စစ်ဘက်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်များကို တရုတ်စစ်တပ်အား ဆက်လက်ဆည်းပူးစေလိုသည်။ တရုတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် စက်မှုလက်မှု၊ သတင်းအချက်အလက်နှင့် ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် ၂၀၂၀ ခုနှစ်တွင် ရည်မှန်းချက်သစ် ချမှတ်ခဲ့သည်။ တကယ်တမ်းတွင် တရုတ်သည် အဆင့်သုံးဆင့်စလုံးကို တဆင့်ချင်းလုပ်မည့်အစား တပြိုင်နက်တည်းလုပ်ရန် ရည်မှန်းထားသည်။

တရုတ်စစ်တပ်သည် ယခု ပဋိပက္ခခေတ်တွင် ယှဉ်ပြိုင်ရန် နယ်ပယ်စုံပစ်မှတ်ထားစစ်ဆင်ရေး ခေါ် ဆက်စပ်လွှမ်းခြုံသောအယူအဆသဘောထားကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ကြောင့် တရုတ်သည် အမေရိကန်၏ စနစ်များနှင့် နယ်မြေများနှင့်ဆက်စပ်သော အားနည်းချက်များကို ပေါင်း၍တိုက်ခိုက်နိုင်ပြီး သင်္ဘောအချင်းချင်း တင့်ကားအချင်းချင်းဖြင့် အမေရိကန်ရန်သူတပ်များကို တိုက်ရိုက်ဖျက်ဆီးမည့်အစား အမေရိကန်၏ အားသာချက်များကို ပျက်ပြယ်စေခြင်း သို့မဟုတ် လွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်ဟု ဆိုလိုသည်။ အဆိုပါ အားနည်းချက်များတွင် အင်တာနက်၊ ဂြိုဟ်တု သို့မဟုတ် လျှပ်စစ်သံလိုက်ဆက်သွယ်ရေး ချိတ်ဆက်မှုများအပြင် ထောက်ပံ့ပို့ဆောင်ရေးစနစ်များ ပါဝင်နိုင်သည်။

ရှီက ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော CCP ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် ပြောကြားသည့်မိန့်ခွန်း၌ မောင်းသူမဲ့တိုက်ခိုက်ရေးစွမ်းရည်များတိုးတက်ရေးကို အရှိန်မြှင့်ရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ စစ်ဘက်-အရပ်ဘက် ပေါင်းစပ်မှုအစီအစဉ်သည် လက်တွေ့တွင် ဒွိဟဖြစ်စရာကောင်းသော်လည်း တရုတ်စစ်တပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် နိုင်ငံတကာ သုတေသနလုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း၍ တီထွင်ထားမှုများအပါအဝင် ပုဂ္ဂလိက နည်းပညာဆိုင်ရာတိုးတက်မှုများကို မောင်ပိုင်စီးရန် ကြိုးပမ်းနေသည်။

တရုတ်သည် စစ်ဘက်ဆိုင်ရာ AI ၏ အလားအလာကို ကောင်းကောင်း ရှုမြင်ထားပြီး ကျယ်ပြန့်သော သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့စမ်းသပ်မှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးနှင့် ထွန်းသစ်စနည်းပညာစင်တာမှ သုတေသီများသည် တရုတ်စစ်တပ်၏ စက်ကိရိယာဆိုင်ရာစာချုပ် ၃၄၃ ခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ပြီး မောင်းသူမဲ့ယာဉ်များ၊ ထောက်လှမ်း စောင့်ကြည့် ကင်းထောက်မှု၊ ကြိုတင်ခန့်မှန်းထိန်းသိမ်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ သတင်းအချက်အလက်နှင့် အီလက်ထရွန်နစ်စစ်ပွဲ၊ သဏ္ဍာန်တူလေ့ကျင့်ရေး၊ အမိန့်နှင့်ထိန်းချုပ်မှုနှင့် အလိုအလျောက် ပစ်မှတ်ကိုသိရှိခြင်း စသည့် စိတ်ဝင်စားဖွယ် နယ်ပယ် ခုနစ်ခုတွင် AI ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း တွေ့ရှိခဲ့သည်။ အထူးအလေးထားသည့်နယ်ပယ်နှစ်ခုမှာ တရုတ်စစ်တပ်၏ လက်နက်စနစ်များရှိ AI နှင့် စစ်မြေပြင်လုပ်ဆောင်ချက်များနှင့် ပံ့ပိုးမှုများရှိ AI တို့ဖြစ်သည်။

တရုတ်သည် ၎င်းစစ်တပ်တွင် စစ်ရေး AI ကို ထည့်သွင်းရန် ရည်မှန်းချက်ကြီးများထားရှိလည်း နည်းပညာ၏ အဆုံးစွန်သောလမ်းကြောင်းကို လောလောဆယ်တွင် ရှင်းရှင်းလင်း မသိရပေ။ တရုတ်သည် AI အပါအဝင် စစ်ဘက်ခေတ်မီရေး ကြိုးပမ်းမှုများတွင် ပွင့်လင်းမြင်သာမှု မရှိသလောက်ဖြစ်ကြောင်း လေ့လာသူများက ရှုမြင်ကြပြီး တရုတ်သည် အခက်အခဲများကို တိတ်တဆိတ် ကျော်လွှားနိုင်ခဲ့ပါက အမေရိကန်အတွက် မဟာဗျူဟာမြောက် အံ့အားသင့်ဖွယ် ဖြစ်လာနိုင်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာက ကွန်ဂရက်သို့တင်သွင်းသော အမေရိကန်ကာကွယ်ရေးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စစ်ရေးဗျူဟာ၊ စွမ်းရည်များနှင့် ခေတ်မီအောင်လုပ်ဆောင်မှုများတွင် AI ၏ အဓိကအခန်းကဏ္ဍကို အလေးထားဖော်ပြထားသည်။ AI အပေါ် ပိုမိုအာရုံစိုက်လာခြင်းသည် စစ်ရေးစွမ်းရည်နှင့် တကမ္ဘာလုံးတွင် စီမံချက်စွမ်းအားများမြှင့်တင်လိုသော တရုတ်ရည်မှန်းချက်ကို ထင်ဟပ်စေကာ ယင်းက အမေရိကန် အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် စိန်ခေါ်မှုများနှင့် မရေရာမှုအသစ်များကို ဖြစ်ပေါ်စေသည်။

အမေရိကန်ကာကွယ်ရေးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသော အဓိကသဘောတရားများထဲမှတခုမှာ တရုတ်နိုင်ငံ၏ နယ်ပယ်စုံပစ်မှတ်ထား စစ်ဆင်ရေး (MDPW) ဖြစ်ပြီး ၎င်းသည် အမေရိကန်လုပ်ငန်းလည်ပတ်မှုစနစ်ရှိ အားနည်းချက်များကို ဖော်ထုတ်ရန်နှင့် အဆိုပါအားနည်းချက်များအပေါ် အသေအချာတိုက်ခိုက်မှုများ ပြုလုပ်ရန် AI နှင့် အချက်အလက်အားသာချက်များကို အသုံးချသည်။ အဆိုပါစစ်ဆင်ရေးသဘောတရားသည် အမေရိကန်စစ်တပ်၏ သာလွန်မှုကို စိန်ခေါ်နိုင်ပြီး ဒေသတွင်း ပဋိပက္ခများတွင် လွှမ်းမိုးနိုင်သည့် AI နည်းပညာသုံးစွမ်းရည်များ ဖော်ထုတ်ရန် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကို အလေးပေးဖော်ပြသည်။

ထို့ပြင် တရုတ်သည် AI ကို သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးနယ်ပယ်အဖြစ် သတ်မှတ်ထားပြီး ၂၀၂၅ ခုနှစ်တွင် AI သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အနောက်တိုင်းပြိုင်ဘက်များကို ကျော်လွန်ကာ ၂၀၃၀ ခုနှစ်တွင် AI ၌ ပြိုင်ဘက်ကင်းဖြစ်လာရန် ရည်မှန်းထားသည်။ ထိုရည်မှန်းချက်ကြီးသော အစီအစဉ်သည် စစ်ဘက်ဆိုင်ရာအသုံးချမှုများအတွက် AI နည်းပညာများကို အသုံးချရန်နှင့် အနာဂတ်ပဋိပက္ခများတွင် မဟာဗျူဟာမြောက် အသာစီးရရန် တရုတ်၏သန္နိဋ္ဌာန်ကို ပြသနေသည်။

စစ်ရေးသီအိုရီသမားများနှင့် လေ့လာသုံးသပ်သူများသည် AI အသုံးချ စစ်ဆင်ရေးအပေါ် တရုတ်အားကိုးမှု၏ ဂယက်ရိုက်ခတ်မှုများကို မှန်းဆလာကြသည်။ စစ်ဘက်နယ်ပယ်အားလုံးတွင် AI အား ကျယ်ကျယ်ပြန့်ပြန့်အသုံးချသည့် လူသားနှင့်စက်ပူးပေါင်းစစ်ဆင်ရေးသည် ခေတ်သစ်စစ်ပွဲ၏သဘောသဘာဝကို ပြန်လည်ပုံဖော်မည်ဟုမျှော်လင့်ရသည်။ လူသားနှင့်စက် ပေါင်းစပ် ထိန်းချုပ်ကွပ်ကဲမှုစနစ်များ၊ အလိုအလျောက်လက်နက်စနစ်များနှင့် အဆင့်မြင့်အာရုံခံကိရိယာကွန်ရက်များသည် အနာဂတ်ပဋိပက္ခများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး စစ်မြေပြင်ကို ပြင်ပအာကာသနှင့် ဆိုက်ဘာကဲ့သို့သော နယ်ပယ်အသစ်များအထိ ချဲ့ထွင်သွားနိုင်ပေလိမ့်မည်။

သို့သော် စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများတွင် AI ၏ အလားအလာရှိသော အကျိုးအမြတ်များနှင့်အတူ ၎င်း၏ ဖြန့်ကြက်မှုနှင့် ဆက်စပ်နေသော အန္တရာယ်များနှင့် အားနည်းချက်အများအပြားလည်း ရှိနေသည်။ အချက်အလက်အားနည်းချက်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ ပြောင်းလွယ်ပြင်လွယ်မရှိမှုနှင့် ပစ်မှတ်ခွဲခြားမှုနှင့်တာဝန်ခံမှုဆိုင်ရာ ကျင့်ဝတ်ဆိုင်ရာပြဿနာများနှင့်ပတ်သက်သော စိုးရိမ်မှုများကြောင့် စစ်ပွဲများတွင် AI နည်းပညာများကို ပိုမိုစိစစ်ထိန်းချုပ်ရန် တောင်းဆိုနေမှုများလည်း ရှိသည်။

တရုတ်၏ စစ်ဘက်ခေတ်မီရေး ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် AI ကို စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးများတွင် ရောနှောအသုံးပြုရန် ကိုယ်ပိုင်ဗျူဟာကို ထုတ်ဖော်ပြသခဲ့သည်။ နယ်ပယ်အားလုံး ပူးတွဲ အမိန့်ပေးထိန်းချုပ် (JADC2) မဟာဗျူဟာသည် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့အားလုံးမှ အချက်အလက်များကို တခုတည်းသော ပလက်ဖောင်းအဖြစ် စုစည်းပြီး စစ်မြေပြင်တွင် ဆုံးဖြတ်ချက်ချခြင်းနှင့် အခြေအနေအလိုက် သတိရှိမှု မြှင့်တင်ရေးအတွက် အလိုအလျောက်စက်ကိရိယာကို အသုံးပြုမှု၊ AI နှင့် ခန့်မှန်းတွက်ချက်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများကို တိုးတက်စေသည်။

AI နည်းပညာတွင် တရုတ်၏ အများအပြားရင်းနှီးမြှုပ်နှံမှုများသည် ပြိုင်ဆိုင်မှုအသစ်ကိုလည်း ထွက်ပေါ်လာစေနိုင်သည်။ တရုတ်၏ ဒီမိုကရေစီစံနှုန်းများ ဆန့်ကျင်မှုနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်အစိုးရတို့ကြောင့် တရုတ်စစ်တပ်တွင် AI ကို အသုံးပြုမှုသည် အိမ်နီးချင်းနိုင်ငံများကိုသာမက တကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည်။

တရုတ်သည် စစ်ရေးရည်ရွယ်ချက်အတွက် AI ကို အသုံးချရန် အရှိန်မြှင့်ကြိုးပမ်းနေချိန်တွင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် နိုးနိုးကြားကြားရှိနေရန်နှင့် ပြောင်းလဲနေသော မဟာဗျူဟာမြောက် အခင်းအကျင်းနှင့် လိုက်လျောညီထွေစွာလုပ်ဆောင်ရန် လိုအပ်သည်။ တရုတ်၏ ရန်လိုမှုများကို ထိန်းချုပ်ရေးနှင့် ၂၁ ရာစုတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် AI နည်းပညာသုံး စစ်ပွဲများနှင့် ဆက်စပ်နေသော အန္တရာယ်များနှင့်အခွင့်အလမ်းများကို ထိရောက်စွာ စီမံခန့်ခွဲရန် လိုအပ်ပေလိမ့်မည်။