ရေဦးတွင် စစ်ကောင်စီတပ်က လူငယ် ၂၀ ဦးထက်မနည်းကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင် တဦးက ပြည်သူတဦးကို ဖမ်းဆီးထားစဉ် (ပုံအဟောင်း)

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် စစ်ကောင်စီတပ်က လူငယ် ၂၀ ဦးထက်မနည်းကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဦးမြို့ပေါ် ရပ်ကွက်များသို့ ကားနှစ်စီးဖြင့်ကင်းလှည့်ပြီး လူငယ်များကို နေအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရေဦး အခြေပြု People’s Defense Comrade အဖွဲ့တာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

“ရပ်ကွက်ငါးခုက ပြည်သူ ၂၀ ကျော်ပေါ့နော်၊ အတင်းအဓမ္မ နေအိမ်ထဲအထိဝင်ရောက်ပြီးတော့ တံခါး ပေါက်တွေ ရိုက်ချိုးဖျက်ဆီးပြီး ပေါ်တာဆွဲသွားတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ အောင်ချမ်းသာ၊ ရွှေပြည်သာ၊ အောင်ဆန်းရပ်ကွက် များမှဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စာရင်းကောက်ယူခံထားရသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများကို ရေဦး အထက(၁)ကျောင်းဆောင်ဟောင်းထဲတွင်ချုပ်နှောင်ထားပြီး မိသားစုဝင်များ နှင့်တွေ့ဆုံခွင့်မပေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ လူငယ်များအားဝင်ရောက်ဖမ်ဆီးမှုများကို ဖေဖော်ဝါရီလကတည်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ရေဦးမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၄၀ ဦး ထက်မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ