ထောက်ကြန့် ခမရ (၁၀၆) တပ်ရင်း အဝင်ဂိတ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရ၊ စစ်ကောင်စီတပ်သား ၃ ဦး‌ကျော် ဒဏ်ရာရ

ပုံအညွှန်း- ပုံ (၁) ခမရ (၁၀၆) ခြေမြန်တပ်ရင်းအရှေ့မြင်ကွင်း၊ ပုံ (၂) Yangon Army က အသုံးပြုသည့် အဝေးထိန်းမိုင်းအချို့

YT

မဇ္ဈိမ။         ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၀၆) အဝင်ဂိတ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရပြီး ဂိတ်စောင့်နေသည့် စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူထံက သိရသည်။

ယမန်နေ့ (ဧပြီလ ၂၇ ရက်)၊ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် တပ်မ (၇၇) လက်အောက်ခံ ခမရ (၁၀၆)​၏ ဂိတ်ပေါက် (၂)၌ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများရှိရာ နေရာအနီးတွင် မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

” (တပ်ရင်းမှာ) ဂိတ်က (၁) နဲ့ (၂) နှစ်ဂိတ်ရှိပါတယ်။ လူဝင်ပေါက် ကပ်လျက်မှာ စောင့်တာ နှစ်ကောင်(နှစ်ယောက်) စောင့်တယ်။ ပင်မဂိတ်က အဝင်အထွက်တံခါးနဲ့ဆို မီတာ ၃၀ လောက်ပဲကွာမယ်။ မိုင်းကတော့ အများကြီးခွဲခဲ့တယ် များများထိအောင်။ မိုင်းကတော့ ပေါက်ကွဲအား ပိုကောင်းမယ့်ဟာတွေ ထည့်သုံးထားတော့ ထိခိုက်နိုင်မှု အကွာအဝေးက ပိုများပါတယ်” ဟု YA တာဝန်ရှိသူက ပြောသည်။

မိုင်းဖောက်ခွဲခံရချိန် ဂိတ်အတွင်း၌ စစ်ကောင်စီတပ်သား ခြောက်ဦးခန့် ရှိပြီး တိုက်ခိုက်ခံရမှုကြောင့် သုံးဦးထက်မနည်း ထိခိုက်မှု ရှိကြောင်း Yangon Army တာဝန်ရှိသူက ဆိုသည်။

” လုံခြုံရေးက ငါးယောက်၊ ခြောက်ယောက်လောက်ရှိမယ်။ သုံးယောက်လောက်တော့ ထိနိုင်တယ်။ မြေပြင် Scout သတင်း ပြန်ကြားရတာတွေကတော့ ငါးယောက်လောက် ထိတယ်လို့သတင်းရပါတယ်။ ဂိတ်စောင့်*တွေက အရက်တနေကုန်မူးနေကြတဲ့ အရက်သမား၊ ဆေးသမားတွေ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား အနောက်ပိုင်းခရိုင်ပကဖအဖွဲ့ ၊ Yangon Army (YA) ၊ YGA ပူးပေါင်းတပ်တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ အဆိုပါ ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့၊ ည ၇ နာရီ ၅ မိနစ်အချိန်ကလည်း လှည်းကူးမြို့၊ စစ်မှုထမ်းဟောင်းရုံးအဆောက်အဦးအရှေ့ရှိ ဂိတ်ကင်းအနီး ပြင်းအားမြှင့် အဝေးထိန်းမိုင်းထောင်၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့သေးပြီး ဂိတ်အတွင်း ကင်းစောင့်နေသည့် စစ်မှုထမ်းဟောင်း နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု Yangon Army က ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး