ဖားကန့်မှာ ငွေလာလွှဲသည့် ဒုရဲအုပ်ကို KPDF ဖမ်းဆီး

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ အရပ်ဝတ်ဖြင့် ငွေလာလွှဲသည့် ဒုရဲအုပ်တဦးကို ပြည်သူ့ကာကွယ်ရေး (KPDF)တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ဖားကန့် KPDF တပ်ဖွဲ့ဝင် တဦးက ဆိုသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် နီပွန်ပဲရစ် (ဒေသအခေါ် ဆိုင်းတောင် – ဖားကန့် လမ်းမကြီးဘေးရှိ ရွှေဆိုင်တန်း)အနီး အရပ်ဝတ်ဖြင့် ငွေလာလွှဲသော ဒုရဲအုပ် လင်းအောင်ကျော်ကို ယမန်နေ့ (ဧပြီ ၃၀ ရက်)ညနေပိုင်းတွင် ဖားကန့် KPDF တပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

” ဒီဘက်က အခြေအနေက စကစဘက်က အပြင်မထွက်ဘူး။ ဗျူဟာကုန်းမှာပဲ နေတော့တာ။ KIA/KP DF က ပြင်ပနယ်မြေစိုးမိုးမှု အသာရယူထားတယ်။ ဒီအနေအထားမှာ ဖားကန့် ဗျူဟာကုန်းအောက်မှာ ရဲတပ်ရင်းရှိတယ်။ အဲ့ကုန်းဘက်ကနေ ဘယ်သူဘယ်ဝါ ဘယ်ကားပဲဖြစ်ဖြစ် ဆင်းလာရင်ကို စစ်ဆေးဖမ်းဆီးတော့တာပဲ။ ဒီနေ့ဖမ်းမိတာကလည်း ဒီလိုပါပဲ။ ပြောရရင် သူ့ပုံစံ၊ သူ့ဆံပင်အနေအထားကအစ ကြည့်လိုက်ရင် သိနေတာမျိုး၊ ဒါကြောင့် စစ်ဆေးဖို့လုပ်ရင်း ပြေးလို့ ပစ်ဖမ်းလိုက်တာ ” ဟု KPDF တပ်ဖွဲ့ဝင် သတင်းရင်းမြစ်က ဆိုသည်။

အဖမ်းခံရသည့် ဒုရဲအုပ် လင်းအောင်ကျော် (လ – ၂××××၆၈)သည် ဖားကန့် အမှတ်(၃၀) ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်တဦးဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် KPDF တပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့သော ဒုရဲအုပ်ကို ဖားကန့်အခြေစိုက် KIA တပ်မဟာ( ၉ )ဌာနချုပ်တွင် ဆက်လက် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

စာတည်း-သန့်ဇော်(သန်လျင်)