NLD အစိုးရလက်ထက် ကချင်ဝန်ကြီး ၂ဦးနှင့် KBCဥက္ကဋ္ဌဟောင်း လွတ်ငြိမ်းဖြင့်ပြန်လွတ်

ဦးနေဝင်း

ဂျူချန်း၊အဂမ်
မဇ္ဈိမ။ ။စစ်ကောင်စီ၏ ယနေ့လွတ်ငြိမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးဇော်ဝင်းနှင့်အတူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆန်ဆွန်တို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။
မြစ်ကြီးနားအကျဉ်းထောင်၌ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ဦးနေဝင်း၊ ဦးဇော်ဝင်းနှင့် ဒေါက်တာခလမ်ဆန်ဆွန်တို့ ပြန်လည်လွတ်မြောက်လာခြင်းဟု NLD အစိုးရလက်ထက်ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးက ပြောသည်။
၎င်းက ” ဦးနေဝင်းနဲ့ ဦးဇော်ဝင်းက ဇွန်လ ၁ရက်မှာ လွတ်ရက်ပြည့်မှာ။ ဒါပေမယ့် ဒီကနေ့လွတ်ငြိမ်းမှာပြန်ပါလာတယ်။ ခံဝန်လက်မှတ်တော့ ထိုးခဲ့ရတာပေါ့”ဟု မဇ္ဈိမကို ပြောသည်။
ဦးနေဝင်းနှင့်ဦးဇော်ဝင်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)ဖြင့် တရားစွဲကာ ၂၀၂၂ ခုနှစ်၊ဧပြီလ ၂၂ရက်တွင် မြစ်ကြီးနားထောင်တွင်းတရားရုံး၌ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဟု သိရသည်။
ဦးနေဝင်းသည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်ထုတ်ယူသုံးစွဲခဲ့ခြင်းအတွက် နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၁၁၁ ဒဿမ ၅၃၅ သန်းထိခိုက်ဆုံးရှုံးခြင်းနှင့်၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ်စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူ သုံးစွဲခဲ့၍ နိုင်ငံတော်ဘဏ္ဍာငွေ ထိခိုက်ဆုံးရှုံးသည်ဟုဆိုကာ စစိကောင်စီက အဂတိမှုဖြင့်တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ဦးဇော်ဝင်းသည် ပြည်နယ်လဝကဦးစီးအရာရှိထံမှဂါဝရပြုငွေ နှစ်ကြိမ်လက်ခံခဲ့သည်ဟုဆိုကာ တရားစွဲဆိုထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
ဦးနေဝင်းနှင့်ဦးဇော်ဝင်းကို အမှုနှစ်မှုစီ(တမှုလျှင် သုံးနှစ်)အတွက် ထောင်ဒဏ်ခြောက်နှစ် ကျခံရမည်ဖြစ်သော်လည်း နှစ်မှုအတွက် တပေါင်းတည်းကျခံရန် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ပြန်လည်လွတ်မြောက်လာချိန်၌ နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း မဇ္ဈိမ၏သတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း အသက် ၆၆နှစ်အရွယ်ဒေါက်တာခလမ်ဆန်ဆွန်သည် ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။
ဒေါက်တာခလမ်ဆန်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ဆေးသွားကုသရန် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာခလမ်ဆန်ဆွန်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နှင့် သွားရောက်တွေ့ဆုံခဲ့သည်ဟူသည့် အကြောင်းပြချက်ဖြင့် ပုဒ်မ ၅၂(က)၊ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက်တွေ့ဆုံခဲ့သည်ဟူသည့်အကြောင်းပြချက်ဖြင့် ပုဒ်မ၁၇(၁)၊ ပြည်ပဆွေးနွေးပွဲတခုတွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် စကားလုံးသုံးနှုန်းခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ပုဒ်မ ၅၀၅ (က) စသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ၂၀၂၃ ဧပြီ ၇ ရက်နေ့တွင် ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် နှစ်နှစ် နှင့် ၅၀၅-ကဖြင့် ထောင်ဒဏ် တနှစ် စုစုပေါင်း ထောင်ဒဏ်ခြောက် နှစ်ချမှတ်ခံခဲ့ရပြီး ယနေ့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီသည် NLD အစိုးရလက်ထက်ကချင်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှိလဆိုင်း၊ စည်ပင်ဝန်ကြီးဦးနော်လီ၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးဝေလင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးဝင်းညွန့်တို့ကို ဖမ်းဆီးခဲ့သည်။
ဦးနော်လီနှင့်ဦးဝင်းညွန့်သည် ပြီးခဲ့သည့်ဧပြီလ ၁ ရက်နေ့က လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ယခုအခါ ဒေါက်တာခက်အောင်သည် အဂတိအမှုလေးမှု၊ တမှုလျှင် သုံးနှစ်စီဖြင့်စုစု ပေါင်း ထောင်ဒဏ် ၁၂ နှစ်၊ဦးဝေလင်းသည် အမှုပေါင်းခြောက်မှုအတွက်တမှုလျှင် သုံးနှစ်စီဖြင့် (သုံးမှုအား တပေါင်းထဲကျခံစေရန် အမိန့်ချထား) စုစုပေါင်းထောင်ဒဏ်ကိုးနှစ်ဖြင့် မြစ်ကြီးနားထောင်အတွင်း ဆက်လက်ကျခံနေရဆဲဖြစ်သည်။ဦးဒါရှိလဆိုင်းသည် လာမည့် ဇွန်လ ၂၉ရက်တွင် လွတ်ရက်စေ့မည်ဖြစ်ပြီး ယင်းနေ့တွင်ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း မဇ္စျိမ၏သတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီသည် ယနေ့(ဧပြီလ ၁၇ရက်)တွင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသူ၊အကျဉ်းသား ၃,၃၀၃ ဦးကို လွတ်ငြိမ်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ယ‌နေ့ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများအနက် နိုင်ငံရေးအကျဉ်းသားအရေအတွက် အလွန်နည်းပါးသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးကပြောသည်။

စာတည်း – အေးချမ်း