စစ်ရေးအတွေ့အကြုံအားကောင်းသည့် တပ်ရင်းတပ်ဖွဲ့များစွာရှိနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ပုံအညွှန်း-ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ် (ဓါတ်ပုံ- NUG-MOD)

ပုံအညွှန်း-ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ် (ဓါတ်ပုံ- NUG-MOD)

ဂျူချန်း

(မဇ္ဈိမ)။ ။ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များအနေဖြင့် သုံးနှစ်အတွင်း တိုက်ခိုက်မှုစွမ်းရည်နှင့် တိုက်ပွဲအတွေ့အကြုံအားကောင်းပြီး စစ်ပုံကျသည့်တပ်ရင်းတပ်ဖွဲ့များစွာ မြေပြင်တွင်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနဦးရည်မွန်၏ ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တည်ထောင်ခြင်း သုံးနှစ်ပြည့်အတွက် ပေးပို့ သည့်သဝဏ်လွှာ၌ ဖော်ပြထားသည်။

“ဒီလပိုင်းတွေအတွင်း ကျွန်တော်အနေနဲ့ ဒေသစုံ လှည့်လည်သွားလာပြီး မြေပြင်ရဲဘော်တွေနဲ့ ဆက်တိုက် တွေ့ဆုံခဲ့တယ်။ ကျွန်တော့်အတွက် အံ့သြဂုဏ်ယူရတာက စစ်ပုံကျရုံမက တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေ မြေပြင်မှာ အမြောက်အမြားရှိနေပြီဆိုတဲ့ အချက်ဖြစ်တယ်” ဟု ဦးရည်မွန်က ပြော သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို နိုင်ငံရေး၊ စစ်ရေးအရ ကျောထောက်နောက်ခံပေးကာ ပြည်သူ့ စစ်မဟာဗျူဟာကိုဖော်ဆောင်မည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကိုလည်း တပြိုင်တည်းဖွဲ့စည်း တည်ထောင်ခဲ့ကာ ယင်းအဖွဲ့အစည်းနှစ်ခုသည် သုံးနှစ်အတွင်း အလျင်အမြန်ရင့်ကျက်လာခဲ့ပြီး စစ်ရေး အတွေ့အကြုံရှိလာသည့်အပြင် အောင်ပွဲအမြောက်အများကိုလည်းရယူနိုင်ခဲ့ကြောင်း ဦးရည်မွန်က ဆို သည်။

“စတင်တည်ထောင်တုန်းကတော့ အခြေအနေအရပ်ရပ်ကြောင့် ချို့တဲ့တဲ့အခြေအနေမျိုးတွေ ရှိပါတယ်။ ဒီအခြေအနေတွေကနေပြီးတော့ အတွေ့အကြုံတွေကနေသင်ယူလေ့လာပြီးတော့ ကျနော်တို့တပ်ကို စနစ်တကျ ဖွဲ့စည်းလာနိုင်ပြီဖြစ်ပါတယ်။ ကျနော်တို့ PDF က စစ်ကောင်စီတပ်ဖွဲ့နဲ့ယှဉ်ရင် လသားအရွယ် ပဲ ဖြစ်ပါတယ်။ ဒီလို စနစ်တကျတည်ထောင်ထားတဲ့ အင်စတီကျုရှင်းကိုတော်လှန်ပြီး အခုကာလမှာ နိုင်ငံ ရဲ့ ၅၀ ရာခိုင်နှုန်းအထက်ကို စိုးမိုးနိုင်ခဲ့ပြီး။ ပြောက်ကျားစနစ်အခြေခံတဲ့ လက်နက်လွန်စွာ ချို့တဲ့တဲ့ အခြေအနေကနေပြီးတော့ မြို့သိမ်းတိုက်ပွဲအထိ ဆင်နွှဲလာနိုင်သလို ရန်သူကို ဆုတ်ခွာထွက်ပြေးအောင် လုပ်နိုင်တဲ့အထိ အခြေအနေကို လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်” ဟု NUG-MOD လက်အောက်ရှိ ကော်ဘရာ စစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

မဟာမိတ်များနှင့်အတူ တိုက်ပွဲဖော်ဆောင်ရင်း တောတွင်းတိုက်ပွဲများမှသည် မြို့ပြတိုက်ပွဲအဆင့်အထိ ဖော်ဆောင်လာနိုင်ကာ ပြောက်ကျားစနစ်တိုက်ပွဲမှတဆင့် ဗျူဟာကုန်း၊ စခန်းကုန်းသိမ်းသည့် တိုက်ပွဲ များကိုဆင်နွှဲလာနိုင်သဖြင့် စစ်ရေးစွမ်းရည်တိုးတက်မှုမြန်ဆန်လာကြောင်းနှင့် နည်းပညာပိုင်းတွင်လည်း ဒရုန်းနည်းပညာများကို ထုတ်လုပ်မှုနည်းပညာ၊ ဗျူဟာအသစ်များကို အသုံးချနိုင်နေပြီဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။

လက်ရှိတွင် တပ်ရင်းတပ်ဖွဲ့အတွင်း၌ ဖွဲ့စည်းပုံပိုမိုစနစ်ကျလာကာ တိုက်ခိုက်မှုစွမ်းရည်တိုးတက်လာ ကြောင်းကို စစ်ကောင်စီ၏ နိုင်ငံအနှံ့ထိုးစစ်မဆင်နိုင်တော့သည့်အခြေအနေသည်ပင် မြင်သာသည့် အချက်တခုဖြစ်ကြောင်း NUG-MOD လက်အောက်တပ်ရင်းတခုဖြစ်သည့် တော်ဝင်ဒေါင်းစစ်ကြောင်း ပြန်ကြားရေးဝာာဝန်ခံက ပြောသည်။

“ဒီသုံးနှစ်အတွင်းမှာ တပ်ဖွဲ့အတွင်း ဖွဲ့စည်းပုံ၊ တိုက်ခိုက်မှုစွမ်းရည် ပိုပြီးစနစ်ကျလာတာအသေအချာပါပဲ။ စစ်ကောင်စီမှာ ထိုးစစ်မရှိတော့တာက လက်တွေ့ပါပဲ။ နယ်မြေထပ်မစွန့်လွှတ်နိုင်ရေးအတွက် နာမည်ခံ စစ်ဆင်ရေးတွေပဲ ရှိနေတော့တာပါ။ စစ်ဆင်ရေးတိုင်းကိုလည်း NUG နဲ့ EAO တိုင်ပင်ပြီး အဆင့်ဆင့် Joint common တွေနဲ့ ပေါင်းစပ်လုပ်ကိုင်နေကြပါပြီ” ဟု တော်ဝင်ဒေါင်းစစ်ကြောင်း ပြန်ကြားရေးဝာာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လက်ရှိကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွတ်မြောက်နယ်မြေ ရှိနေပြီဖြစ် ကာ ၎င်းနယ်မြေများတွင် ရန်သူ့အုပ်ချုပ်ရေးယန္တရားကိုဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူ ထောင်လည်ပတ်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်များ အလွယ်တကူဝင်ရောက်မလာနိုင်စေရန် စစ်ရေးအရ ကာကွယ်ထားနိုင်သည့် နယ်မြေများရှိကြောင်းလည်းဆိုသည်။ ယင်းနယ်မြေများသည့် တနေ့ထက်တနေ့ ပိုမိုကျယ်ပြန့်လာကြောင်းလည်း ဦးရည်မွန်က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမြို့ငါးမြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ကို အမျိုးသားညီ ညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃)နှစ်ပြည့် ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထား သည်။ ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်သည့် မြို့နယ် ၄၂ ခုတွင်လည်း အခွန် ကိစ္စများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆိုထားသည်။

တော်လှန်ရေးကာလတွင် စစ်ရေးနှင့်အုပ်ချုပ်ရေးသည် ဘယ်လက်နှင့်ညာလက်ကဲ့သို့ ဟန်ချက်ညီညီ အလုပ်လုပ်ဖို့ လိုအပ်ကြောင်း၊ အဖွဲ့အစည်းတခုနှင့်တခု၊ ရဲဘော်တဦးနှင့်တဦး အပြန်အလှန် ရိုင်းပင်း ကူညီကာ မိမိတာဝန်ကို မိမိကျေပွန်အောင်ထမ်းဆောင်ကြရန်လိုအပ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တိုင်း တော်လှန်ရေးအပေါ်သစ္စာရှိရန်၊ ပြည်သူကို အလုပ်အကျွေးပြုရန်၊ တော်လှန်ရေး အောင်မြင်ရန် ဖြောင့်မတ်မှန်ကန်စွာ အလုပ်လုပ်ရန် ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင် ခြင်း သုံးနှစ်ပြည့် သဝဏ်လွှာတွင် မှာကြားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF) ကို အရှေ့ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ မြောက်ပိုင်းတိုင်းနှင့် တောင်ပိုင်း တိုင်းဟူ၍ စစ်ဌာနချုပ် ငါးခုခွဲကာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ PDF တပ်ရင်း ၃၀၀ ဖွဲ့စည်းထားပြီးဖြစ်ကာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ ဖွဲ့စည်းထား နိုင်ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)မှ အချက်အလက် အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG-MOD မှ သတ်မှတ်ထားသည့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်၊ အလယ်ပိုင်းတိုင်း စစ် ဌာနချုပ်တွင် မန္တလေးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ရှမ်းပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ပါဝင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ