တရုတ်မဟာဗျူဟာများ မအောင်မြင်သည့် ၂၀၂၃ ခုနှစ် 

Deccan Herald

တရုတ်ပြည်တွင်းတွင်သာမက ပြင်ပတွင်ပါ ကိုဗစ်ကပ်ရောဂါမှ လွတ်မြောက်ရန် ရုန်းကန်နေရခြင်းကြောင့် ၂၀၂၃ခုနှစ်တွင် အခြေအနေများက တရုတ်ကို မျက်နှာသာ မပေးခဲ့ပေ။

ယင်းကိစ္စအတွက် အဓိက တာဝန်ရှိသူမှာ တရုတ်ပင် ဖြစ်သည်။ နိုင်ငံရေးတွင် ဗဟိုချုပ်ကိုင်မှုများသော အာဏာရှင်စနစ်နှင့် စီးပွားရေးတွင် အလယ်အလတ်အဆင့် တိုးတက်မှုရရှိရေး ပြန်လည်တည် ဆောက်မှုများက ပြည်တွင်း၌ ရလဒ်ကောင်းများကို မဖြစ်ပေါ်စေခဲ့ပေ။

“ဘုံကံကြမ္မာအသိုင်းအဝိုင်း” ကဲ့သို့ ကြွေးကြော်သံများကြွေးကြော်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာ တရုတ်အ နေအထားကို အဆင့်မြှင့်တင်ပေးနိုင်ခြင်းမရှိခဲ့ပေ။ သေချာသည်ကတော့ တရုတ်အနေအထားက ခြေကုန်လက်ပမ်းကျနေပြီမဟုတ်သော်လည်း အရှိန်လျှော့လာနေပြီဖြစ်သည်။

အမေရိကန်နှင့် အခြားနိုင်ငံများ၏ အကူအညီဖြင့် လွန်ခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်အင်အားကြီးထွား လာမှုသည် စီးပွားရေးနှင့် စစ်ရေးတိုးတက်မှုအပေါ်  အဓိက အခြေတည်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များတွင် GDP တိုးတက်မှုနှုန်းကို ၁၀ ရာခိုင်နှုန်းတွင် ထိန်းထားနိုင်ခဲ့သော်လည်း ၂၀၁၀ပြည့်နှစ်များတွင် ၇ ရာခိုင်နှုန်း သို့ ကျဆင်းလာခဲ့သည်။ 

၂၀၂၂ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အနိုင်နိုင်ရုံးကန်ခဲ့ရသည်။ အိမ်ခြံမြေဈေးကွက်ပြိုကွဲမှု၊ လူငယ် အလုပ်လက်မဲ့နှုန်းများလာမှု၊ ပြည်တွင်းကြွေးမြီထူပြောလာမှု၊ ကုန်ထုတ်လုပ်မှုကဏ္ဍကျဆင်းလာမှုနှင့် လူ့အဖွဲ့အစည်းတွင် အသက်အရွယ်ကြီးရင့်သူများပြားလာခြင်းကြောင့် ၂၀၂၃ခုနှစ်တွင် လျာထားချက် ၅ ဒသမ ၅ ရာခိုင်နှုန်းကို ရရှိရန် ခက်ခဲလှသည်။

အထူးသဖြင့် နည်းပညာမြင့်ကဏ္ဍများတွင် အမေရိကန်နှင့် အပြန်အလှန် အခွန်စည်းကြပ်မှုများကြောင့် တရုတ်၏ အနာဂတ် တိုးတက်မှုအလားအလာကို ထိခိုက်စေနိုင်သည်။ သမ္မတရှီကျင့်ဖျင်၏ ကိုဗစ် ပိတ်ဆို့ကန့်သတ်မှုများကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ 

တရုတ်က နျူကလီးယား၊ ပဲ့ထိန်းဒုံးကျည်နှင့် အသံထက်မြန်သောယာဉ်များ ဖွံ့ဖြိုးတိုးတက်မှုများအပြင် ရေတပ်နှင့် လေတပ်များတွင် ပိုမိုကောင်းမွန်သည့် စစ်လက်နက်ပစ္စည်းများကို တပ်ဆင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်များကတည်းက ကာကွယ်ရေးအသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲလာခဲ့သည်။ 

ထိုင်ဝမ်ရေလက်ကြားတွင် ပိုမိုကောင်းမွန်သည့် စစ်လက်နက်ပစ္စည်းများကို ၂၀၂၂ ခုနှစ်တွင် တပ်ဆင်ခဲ့ သော်လည်း ၁၉၇၉ ခုနှစ်က အဖြစ်ဆိုးကြုံခဲ့သည့် ဗီယက်နမ်နှင့် စစ်ပွဲနောက်ပိုင်းတွင် တိုက်ခိုက်ရေးအတွေ့ အကြုံနည်းပါးမှုက အဓိက ပြဿနာ ဖြစ်လာနိုင်သည်။ 

ယူကရိန်း ပဋိပက္ခတွင် မသေချာမရေရာမှုများကြောင့် တရုတ်က ထိုင်ဝမ်အပေါ် အရေးယူရန် ကုန်ကျစ ရိတ်များကို ချိန်ဆနေသော်လည်း ဇန်နဝါရီတွင် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ အခြေအနေများ ပိုမိုတင်းမာ လာ ဖွယ်ရှိနေသည်။

လာဒတ်တွင် အိန္ဒိယနှင့် ထိပ်တိုက်ရင်ဆိုင်မှုတွင် “လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန်ထားရှိခြင်း”က အကောင်းဆုံး အနေအထားဖြစ်ကြောင်း ဖော်ပြနေသော်လည်း ထိုင်ဝမ်၊ ဆန်ကာကူကျွန်း၊ တောင်တရုတ် ပင်လယ်နှင့် အိန္ဒိယနှင့် ဟိမဝန္တာရှေ့တန်း စစ်မျက်နှာစာ လေးခုအတွက် ကုန်ကျစရိတ်မြင့်မားမှုကို တရုတ်က တွက်ချက်နေရသည်။ 

အောက်တိုဘာလက အမေရိကန်ခရီးစဉ်အတွင်း သမ္မတရှီက အမေရိကန် အထက်လွှတ်တော် လူများစု ခေါင်းဆောင် ချက်ရှုးမားကို အမေရိကန်နှင့် တရုတ်ကြား “သူစီးဒိုက် ထောင်ချောက်” က ရှောင်လွှဲ၍ မရကြောင်း  ပြောကြားခဲ့သလို ၂၀၁၇ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် တရုတ်ပါတီညီလာခံများတွင် အမေရိကန်အား အဓိက ရန်သူအဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ 

ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ သို့မဟုတ် အခြားအာရှနိုင်ငံများကို နေရာမပေးချင်သော်လည်း အမေရိကန်နှင့် တရုတ်အတွက် နေရာအလုံအလောက်ရှိကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။ 

နိုဝင်ဘာလတွင် ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သည့် သမ္မတနှစ်ဦး၏ ဆွေးနွေးပွဲသည် စီးပွားရေး အင်အား အကြီးဆုံး နှစ်နိုင်ငံကြား အတိုင်းအတာတစ်ခုအထိ သဘောတူညီချက်ရရှိခဲ့ပုံပေါ်သော်လည်း ဖွဲ့စည်းပုံဆိုင်ရာ ကွဲလွဲမှုများနှင့် ကမ္ဘာ့ဇာတ်ခုံတွင် အမေရိကန်ကို အစားထိုးရန် တရုတ်၏ ရည်မှန်းချက်ကြောင့် ယာယီသာ ဖြစ်နိုင်သည်။ 

ကွန်မြူနစ်ပါတီတွင်းတိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တိကျသည့် မူဝါဒ မရှိခြင်းက  ပြည်တွင်းနိုင်ငံရေးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေနိုင်သည်။ 

ပါကစ္စတန်-ရုရှား-အီရန်-တရုတ် တို့ပါဝင်သည့် PRIC ဟု ဆိုနိုင်သည့် ယင်း၏ကိုယ်ပိုင် ‘quad’ ကို တရုတ်က ဖွဲ့စည်းကာ အနောက်အာရှနှင့် တခြားနေရာများတွင် အမေရိကန်နှင့် အစ္စရေးတို့ကို အစားထိုးရန် ကြိုးပမ်းမှုက နောက်ထပ် ပြိုင်ပွဲတခု ဖြစ်လာနိုင်သည်။

ဟားမတ်စ်နှင့် ဟူသီတို့၏ လုပ်ရပ်များကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံခြင်းဖြင့် အစ္စလာမ္မစ်နိုင်ငံများ၏အမြင်တွင် တရုတ်သည် ရှင်ကျန်း ပြဿနာတွင် အကျိုးရှိနိုင်သော်လည်း အစ္စရေးထံမှ နည်းပညာမြင့် စစ်ဘက်ဆိုင်ရာ နည်းပညာနှင့် ပစ္စည်းများရရှိမှု ဆုံးရှုံးသွားနိုင်သည်။

ယူကရိန်း ပဋိပက္ခတွင် ရုရှားထံမှ စွမ်းအင်တင်သွင်းခွင့်နှင့် ဘက်ပေါင်းစုံ အားကောင်းလာစေရေးအတွက် တရုတ်က အကျိုးအမြတ်ရှိနိုင်သော်လည်း ရေလတ်နှင့် ရေရှည်တွင် အကျိုးစီးပွားထိခိုက်စေနိုင်သည်။ 

စစ်ပွဲတွင် ရုရှားကို ထောက်ခံခြင်းကြောင့် ရရှိသည့် အကျိုးအမြတ်သည် တရုတ်အတွက် မကြီးမားလှပေ။ တရုတ်၏ အကြီးမားဆုံး ကုန်သွယ်ဖက်များဖြစ်သော အမေရိကန်၊ ဥရောပ၊ အာဆီယံ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က တရုတ်၏ ရန်လိုသည့် အပြုအမူကြောင့် စိတ်ပျက်နေကြသည်။ 

၁၄ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင် ပြည်တွင်းကို ရှေ့ရှုသော စီးပွားရေးပြန်လည်ဖွဲ့စည်းပုံမှာ ရလဒ်ကောင်း များထွက်မလာခြင်းကြောင့် စီးပွားရေးတိုးတက်မှုအတွက် အကျိုးဆက်များရှိလာမည်ဖြစ်သည်။ တရုတ်၏ “ကမ္ဘာ့ဗဟိုချက်” အစီအစဉ်မှာ အချိန်စောလွန်းနေပုံရသည်။ 

တရုတ်စီးပွားရေးနှင့် နည်းပညာဆိုင်ရာအညွှန်းကိန်းအများစုနှင့် နိုင်ငံခြားရေးမူဝါဒ အစပျိုးလုပ်ဆောင်ချက် များက သိသိသာသာ ကျဆင်းလာခြင်း မရှိသော်လည်း၊ တစ်စိတ်တစ်ပိုင်းအားဖြင့် အာဏာရှင် ခေါင်းဆောင် မှုကို ဉီးတည်သည့် အာဏာတည်ဆောက်ပုံ၊ ပြည်တွင်းသဘောထားကွဲလွဲမှုများနှင့် ကမ္ဘာတစ်ဝန်းရှိ တခြားအာဏာရှင်များနှင့် ပူးပေါင်းမှုတို့ကြောင့် သြဇာတိုးချဲ့ရေးအတွက် အမေရိကန်ကို တန်ပြန်ရန် ကန့်သတ်ချက်များစွာနှင့် ရင်ဆိုင်နေရသည်။ 

အိန္ဒိယက အလားအလာကောင်းများ ရှိနေချိန်တွင် တရုတ်က ၂၀၂၃ ခုနှစ်တွင် မဟာဗျူဟာကျဆုံးမှု အခိုက်အတန့်နှင့် ရင်ဆိုင်နေရသည်။ 

 လာမည့်ဆယ်စုနှစ်များအတွင်း လူဦးရေစာရင်းဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့်အတူ၊ “တိုးတက်မှုနှုန်း အမြန်ဆုံး အဓိကစီးပွားရေးနိုင်ငံ” အဖြစ်သာမက ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ်လည်း အိန္ဒိယက တရုတ်နေရာတွင် အစားထိုးလာခဲ့သည်။ 

ယနေ့ တရုတ်အနေအထားသို့ ရောက်ရှိရန် ဆယ်စုနှစ်များစွာ တည်ဆောက်ပုံနှင့် စဉ်ဆက်မပြတ် တိုးတက်မှုကို လိုအပ်နေသော်လည်း အိန္ဒိယကအလားအလာ ကောင်းများ ရှိနေပြီဖြစ်သည်။