တရုတ်က မဲခေါင်မြစ်နှင့် ယန်ဇီမြစ်တွင် ဆည်များ မဆင်မခြင် တည်ဆောက်နေခြင်းကြောင့် လူသန်းချီ ထိခိုက်ဒုက္ခရောက်

Vietnam Times

တိဘတ်ကုန်းပြင်မြင့်တွင် တရုတ်၏ အထိန်းအကွပ်မဲ့ သတ္တုတူးဖော်ခြင်းနှင့် လိုသည်ထက်ပိုသော ဆည်တည်ဆောက်မှုများက ကမ္ဘာတဝန်းရှိ ဂေဟဗေဒပညာရှင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသမားများအကြား အဓိက စိုးရိမ်ပူပန်စရာ ကိစ္စတခု ဖြစ်လာသည်။ ၂၀၂၄ မတ်လတွင် ထုတ်ပြန်ဖော်ပြသည့် အစီရင်ခံစာတရပ်အရ ရေအားလျှပ်စစ်ဆည်များက မဲခေါင်မြစ်ဝှမ်းဒေသ (MRB) ၏ ဂေဟဗေဒ သက်ရှိလောကအပေါ် ထိခိုက်စေခြင်း၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်းဖြစ်နေသည်ဟု ဖော်ပြသည်။ မဲခေါင်မြစ်ရှိ ငါးမျိုးစိတ် ငါးခုတိုင်းအနက် တခုသည် မျိုးသုဉ်းလုနီးနီး ဖြစ်နေသည်ဟု အစီရင်ခံစာတွင် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်သည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WFF) ၏ ‘မဲခေါင်ရှိ မေ့လျော့ခံ ငါးများ’ ဟု ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာအရ ငါးမျိုးစိတ် ၁,၁၄၈ ခု၏ ၁၉ ရာခိုင်နှုန်းသည် မျိုးသုဉ်းခါနီး ဖြစ်နေသည်ဟု သိရသည်။ အဆိုပါ ငါးမျိုးစိတ်များအနက် မျိုးစိတ် ၇၄ ခုသည် မျိုးသုဉ်းအန္တရာယ်ရှိနေသည်ဟု ချင့်တွက်ခံထားရပြီး မျိုးစိတ် ၁၈ ခုသည် “မျိုးသုဉ်းလုနီးပါး အန္တရာယ်” ရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ကြေညာခြင်းကို ခံထားရပြီးဖြစ်သည်။

မဲခေါင်သည် အာရှ၏ အရှည်လျားဆုံး မြစ်များအနက် တခုဖြစ်ပြီး အရှေ့တောင်အာရှ၏ ‘အသက်သွေးကြော’ အဖြစ်လည်း သဘောထားခြင်းခံရသည်။ မိုင်ပေါင်း ၃၀၅၀ ရှိသည့် မဲခေါင်မြစ်သည် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့၏ မြေများကို အားဖြစ်စေသည်။ ကမ္ဘောဒီးယားနိုင်ငံသားများနှင့် လာအို ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်သည် ကြီးမားသည့် မဲခေါင်မြစ်မှလာသော ငါးများကို စားသုံးခြင်းအပေါ် မှီခိုအားထားနေရသည်ဟု ခန့်မှန်းရသည်။ ဗီယက်နမ်အောက်ပိုင်းတွင်လည်း အလားတူအတိုင်းပင် ဖြစ်ပြီး ကျေးရွာထောင်နှင့်ချီသည် မဲခေါင်မြစ်မှ ရေနေသတ္တဝါများ စားသုံးခြင်းအပေါ် အကြီးအကျယ် အားထားနေရသည်။

မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းသည် ၂၀၁၅ ခုနှစ်က ငါးဖမ်းလုပ်ငန်းအရအားဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိ ကြီးမားသည့် စီးပွားရေးတခုကို ထည့်ဝင်ဖြည့်ဆည်းပေးသည်။ ကမ္ဘောဒီးယားနှင့် လာအို ကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံများသည် ၂၀၁၅ တနှစ်တည်းအတွင်း ငါးဖမ်းလုပ်ငန်းများမှ ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံနှင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံစီ အသီးသီး ရရှိခဲ့သလို အလားတူနှစ်မှာပင် ထိုင်းနိုင်ငံ၏ အကျိုးအမြတ် ရရှိမှုကလည်း ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့သည်။ ငါးဖမ်းလုပ်ငန်းများသည် အဆိုပါ နိုင်ငံများအတွက် အလွန်ပင် အရေးပါပြီး ငါးဖမ်းလုပ်ငန်းတခုတည်းကပင် ကမ္ဘောဒီးယား၏ စုစုပေါင်း ဂျီဒီပီ၏ ၁၈ ရာခိုင်နှုန်းနှင့်၊ လာအို ပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ စုစုပေါင်း ဂျီဒီပီ၏ ၁၃ ရာခိုင်နှုန်းတို့ကို ထည့်ဝင်ပေးသည်ဟု နားလည်နိုင်သည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတရပ်အရ လူပေါင်း သန်း ၄၀ ခန့်သည် မဲခေါင်မြစ်မှ ငါးဖမ်းလုပ်ငန်းများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပါဝင်ပတ်သက်နေသည်ဟု သိရသည်။

သို့သော် မဲခေါင်မြစ်တွင် ဆည်အရေအတွက် တိုးပွားလာခြင်းက ပြီးခဲ့သည့် ငါးနှစ်အတွင်း ငါးများနှင့် အခြားသော ရေနေ၊ ရေပျော် သတ္တဝါများ စီးဆင်းခြင်းနှင့် နေရာပြောင်းရွှေ့ကျက်စားမှုအပေါ် ထိခိုက်စေသည်။ ဆည်များသည် ငါးများ၏ နေရာ ပြောင်းရွှေ့ကျက်စားခြင်းအပေါ် အဟန့်အတားဖြစ်စေရုံတင်မကဘဲ ရေအရည်အသွေးအပေါ်တွင်လည်း ထိခိုက်သက်ရောက်စေသည်။ ငါးမျိုးစိတ်အများအပြားသည် ဆက်လက် ရှင်သန်ကျက်စားရန်နှင့် မျိုးပွားရန် စီးဆင်းနေသော ရေကို လိုအပ်ပြီး ငါးမျိုးစိတ်တချို့သည် ရေသေတွင် ကြီးထွားနိုင်ခြင်း မရှိပေ။ ထို့ပြင် မြစ်အထက်ပိုင်း ဆည်တည်ဆောက်ခြင်းက စိုက်ပျိုးရေးအတွက် ပဓာနကျသော နုန်းအနည်အနှစ်များ၊ သတ္တုဓာတ်များနှင့် အာဟာရဓာတ်များ စီးဆင်းမှုအပေါ် အဟန့်အတားဖြစ်စေသည်။ အဆိုပါ အလွန်အရေးပါသည့် အာဟာရဓာတ်များ မရှိပါက အမျိုးမျိုးသော သီးနှံများ ထုတ်လုပ်ခြင်းအပေါ် ထိခိုက်စေမည်ဖြစ်သည်။

မဲခေါင်မြစ်တွင် ဆည်များ ဆက်လက်တည်ဆောက်ခြင်းက မဲခေါင်မြစ်ဝှမ်း၏ ရေနေသက်ရှိလောကအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်စေလျက် ရှိကြောင်း ၂၀၁၉ ခုနှစ် ဘန်ကောက်ပို့စ်တွင် ဖော်ပြသည့် သတင်းတပုဒ်အရ သိရသည်။ ငါးများ၏ ၈၀ ရာခိုင်နှုန်းသည် ၂၀၄၀ အရောက်တွင် လျော့နည်းကုန်ခန်းလိမ့်မည် ဖြစ်ပြီး ထိုင်းနိုင်ငံသည် အဆိုးဝါးဆုံး ထိခိုက်မည်ဖြစ်သလို ယင်းနောက် ထိခိုက်မည့်နိုင်ငံများအဖြစ် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ရှိနေကာ ငါးသယံဇာတများသည် ၅၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းဖြင့် အသီးသီး လျော့ကျသွားလိမ့်မည် ဆိုပြီး ယင်းက ယူဆသည်။ ငါးသယံဇာတများတွင် လျော့နည်းခြင်းက အဆိုပါ နိုင်ငံများ၏ အသေးစား ငါးဖမ်းလုပ်ငန်းများအပေါ်တွင် အကြီးအကျယ် ထိခိုက်စေမည် ဖြစ်ပြီး နောက်ဆုံးတွင် MRB ဒေသရှိ လူသန်းချီတို့အတွက် အလုပ်လက်မဲ့ဖြစ်မှု ကဲ့သို့ အခြေအနေမျိုးကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

စီးပွားရေး အမြင်ရှုထောင့်အပြင် မဲခေါင်မြစ်ရှိ ငါးများသည် မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသရှိ လူထု၏ ထက်ဝက်ကျော်အတွက် အခြေအနေအများအပြားတွင် တခုတည်းသော အစားအစာရင်းမြစ် သို့မဟုတ် အဓိက အစားအစာ ဖြစ်သည်။ လာအို၊ ထိုင်း၏ မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းဧရိယာရှိ လူ ၅၀ ရာခိုင်နှုန်းခန့်၊ ဗီယက်နမ်ရှိ လူပေါင်း ၆၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားရှိ လူ ၈၀ ရာခိုင်နှုန်းတို့သည် မဲခေါင်မြစ်၏ ရေနေသက်ရှိတို့အပေါ် မှီခိုအားထားနေရသည်ဟု အစီရင်ခံစာတွင် အလေးပေး ဖော်ပြသည်။ အဆိုပါ မြစ်ဝှမ်းဒေသရှိ ပြည်သူတို့၏ ဘဝများသည် ငါးများ နေရာရွှေ့ပြောင်းကျက်စားမှုအပေါ် အကြီးအကျယ် အားထားနေရသည်ဖြစ်ပြီး ဆည်များ မရပ်မနား တည်ဆောက်ခြင်းများက ငါးများ နေရာပြောင်းရွှေ့ကျက်စားမှုအပေါ် အလွန်ပင် ထိခိုက်ထားစေခဲ့သည်။အဆိုပါ နိုင်ငံများရှိ စိုက်ပျိုးရေး အခြေခံအဆောက်အအုံများမှာ မပြောပလောက်အောင်သာ ဖြစ်သည့်အတွက် လူအများအပြားအတွက် ကျန်းမာပြီး အဖိုးချိုသော အစားအစာရင်းမြစ်တခုအဖြစ် ငါးဖမ်းလုပ်ငန်း၏နေရာတွင် ဘယ်သောအခါမှ အစားထိုးနိုင်လိမ့်မည် မဟုတ်ပေ။

နောက်ထပ် ပြဿနာတခုက MRB တလျောက် မိုးခေါင်ခြင်းကဲ့သို့ အခြေအနေများ မကြာခဏ မြင့်တက်မှုဖြစ်သည်။ တရုတ်ရှိ မဲခေါင်မြစ်တလျောက် ဆည်အရေအတွက် များပြားလာခြင်းကြောင့် ၂၀၁၉ တွင် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း ဧရိယာတွင် အလွန်ဆိုးရွားသော မိုးခေါင်မှုကို မြင်တွေ့ခဲ့ရသည်။ လူပေါင်းထောင်ချီ ထိခိုက်ဒုက္ခရောက်ရသလို စိုက်ပျိုးရေးဧကအများအပြား ထိခိုက်ခဲ့သည်။ ဆည်အရေအတွက် တိုးလာခြင်းနှင့်အတူ ဒေသတွင် ရေရှားပါးမှုက ဖြစ်နေကျ ဖြစ်စဉ်တခု ဖြစ်လာလိမ့်မည် ဖြစ်ပြီး အနှေးနှင့်အမြန်ဆိုသလို MRB ဒေသသည် အရှေ့တောင်အာရှနိုင်ငံများ၏ သမိုင်းတွင် ဖြစ်ဖူးသမျှအနက် အကြီးမားဆုံး အစုအပြုံလိုက် ထွက်ခွာမှုကို မြင်ရလိမ့်မည် ဖြစ်သည်။ Nuozhadu ဆည် စတင်လည်ပတ်သည့် ၂၀၁၂ ခုနှစ်က အလားအတူ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ကြီးမားသည့် ဆည်က မဲခေါင်မြစ် စီးဆင်းမှုအပေါ် ထိခိုက်စေပြီး အနီးဝန်းကျင် ဧရိယာများတွင် အုတ်အော်သောင်းတင်းအခြေအနေတခုကို အကြီးအကျယ် ဖြစ်စေခဲ့သည်။

ယန်ဇီမြစ်တွင်လည်း အလားတူအတိုင်းပင် ဖြစ်ပြီး ယင်းတွင်လည်း တရုတ်သည် ရေအားလျှပ်စစ် စက်ရုံများကို မဆင်မခြင် တည်ဆောက်နေသည်။ များမကြာမီသေးခင်က နောက်ထပ် ဆည် တည်ဆောက်မှုနှင့် စပ်လျဉ်းပြီး တရုတ်၏ စီချွမ်ပြည်နယ်တွင် ကြီးမားသည့် ဆန္ဒပြမှုတခု ဖြစ်ပေါ်ခဲ့သည်။ Dege ကောင်တီတွင် ဆည်တခု တည်ဆောက်မှု ကိစ္စနှင့်ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၁၄ ရက်က ဆန္ဒပြမှုများ စတင်ခဲ့သည်။ Garze တိဘတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် Chamdo စီရင်စုရှိ Dege တိဘတ်ကောင်တီရှိ ဒေသခံ ၂၀၀၀ ခန့်သည် နေရာမှ ဖယ်ပေးရန် ညွှန်ကြားခံထားရပြီး အဆိုပါ ကောင်တီနှစ်ခုရှိ အနည်းဆုံး ရွာနှစ်ရွာနှင့် ဧရိယာရှိ ဘုန်းကြီးကျောင်းခြောက်ကျောင်းတို့သည် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်မှုကြောင့် ရေအောက်မြုပ်လိမ့်မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၂၃ တွင် စီချွမ်ရဲတပ်ဖွဲ့သည် ဘုန်းကြီးကျောင်းများမှ သံဃာ ရာချီ အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူ ထောင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အပြီးသတ်တွင် အခြားသော သက်ရောက်မှုတခုက လူသားများ၏ ယဉ်ကျေးမှု ကဏ္ဍအပေါ်တွင် ရှိစေလိမ့်မည်ဖြစ်သည်။ အစောပိုင်းက ဆွေးနွေးခဲ့သည့် ဘုန်းကြီးကျောင်းခြောက်ကျောင်းအနက် တချို့သည် ၁၃ ရာစုက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဆည်တည်ဆောက်မှု မရပ်တန့်ဘူးဆိုပါက တရုတ်ကဲ့သို့ ကွန်မြူနစ်နိုင်ငံတနိုင်ငံအနေဖြင့် ယဉ်ကျေးမှု သို့မဟုတ် ဘာသာရေး အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် များစွာ အလေးမထားခြင်းက ပုံမှန်အလေ့အထတခု ဖြစ်လာလိမ့်မည် ဆိုပြီး လူအများက စိုးရိမ်ပူပန်လျက် ရှိသည်။