တံတားဦးလေတပ်စခန်းကို ကာကွယ်ရေးအဖွဲ့ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ တံတားဦး လေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ ၁၇ ရက်နံနက် ၂ နာရီ အချိန်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု Freedom Revolution Force (FRF)အဖွဲ့က ထုတ်ပြန်သည်။

“၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး၊ ၉၀ မမ ငါးလုံး သုံးပြီး တိုက်ခိုက်တာ ဖြစ်ပါတယ်။ ၁၀၇ မမ ခြောက်လုံးကတော့ ပစ္စည်းချွတ်ယွင်းပြီး ပစ်မှတ်ကို မရောက်ခဲ့ဘူး။ ကျန်တာတွေကတော့ ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်” ဟု FRF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

တိုက်ခိုက်မှုအတွင်း တံတားဦးလေတပ်စခန်းရှိ လေယာဉ်ဂိုဒေါင်တလုံးနှင့် လေယာဉ်ပြေးလမ်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း၎င်းက ပြောသည်။

တံတားဦးလေတပ်စခန်းသည် စစ်ဘက်သုံး တိုက်လေယာဉ်များ ထားရှိရာ လေတပ်စခန်းတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လေကြောင်းတိုက်ခိုက်မှုများကို အများဆုံးပြုလုပ်နေသည့် လေတပ်စခန်းတခုလည်းဖြစ်ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) ၊ Kyaukse Revolution Force (KRF) နှင့် စဉ့်ကိုင်မြို့နယ် ပ.က.ဖ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်အင်အား ၇၀ ခန့်ဖြင့် လေတပ်စခန်း အနီးတဝိုက်ကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ကြောင်း Freedom Revolution Force တပ်ဖွဲ့ထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ