သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ထိုင်ဝမ်ကို ဖိအားပေးသည့် လှုပ်ရှားမှုများ တရုတ် ဆက်တိုက်ပြုလုပ် 

ရွေးကောက်ပွဲကာလတွင် လိုင်ချင်တယ်အား တွေ့ရစဉ်။

Devdiscourse

ထိုင်ဝမ်ရွေးကောက်ခံသမ္မတ လိုင်ချင်တယ်၏ မေလ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်မီ ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးရေး လှုပ်ရှားမှုများကို တရုတ်က ဆက်တိုက်လုပ်ဆောင်နေကြောင်း VOA က ဖော်ပြလိုက်သည်။

ခရီးသွားလာမှုနှင့် သွင်းကုန်ကန့်သတ်ချက်များကို တစိတ်တပိုင်း ဖြေလျှော့ပေးလိုက်သော်လည်း ထိုင်ဝမ်အနီး တွင် စစ်ရေးလှုပ်ရှားမှုပမာဏနှင့် အကြိမ်အရေအတွက်ကို တရုတ်က ပိုမိုတိုးမြှင့်ခဲ့သည်။ 

ထိုင်ဝမ်သည် အာဏာအကူးအပြောင်းအတွက် ပြင်ဆင်နေချိန်တွင် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ရှိရင်းစွဲ အနေအထားကို ပိုမိုထိခိုက်အောင် တရုတ်က လုပ်ဆောင်နေချိန်တွင် ထိုင်ဝမ်အစိုးရကို တိုးမြှင့်ဖိအားပေး ပါက မည်သို့ တုံ့ပြန်မည်ကို သိရှိရန် တရုတ်က ကြိုးပမ်းနေကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ 

“ရေတိုမှာ လိုင်ဦးဆောင်တဲ့ ထိုင်ဝမ်အစိုးရသစ်က တရုတ်ရဲ့ ဖိအားပေးလှုပ်ရှားမှုကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို သိရှိအောင် တရုတ်က ကြိုးစားနေပါတယ်” ဟု ထိုင်ဝမ်ဆူချိုးတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ချန်ဖန်ယုကပြောကြားခဲ့သည်။ 

 “တချိန်တည်းမှာပဲ ထိုင်ဝမ်က ကျမ်းသစ္စာကျိန်ဆိုမှုကို အာရုံစိုက်နေချိန်မှာ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး တရုတ်အစိုးရက လက်ရှိအနေအထားကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မေလ ၂ ရက်မှ မေလ ၃ ရက်အတွင်း ထိုင်ဝမ်ကျွန်းအနီးသို့ ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကို ဖြတ်ကျော် လာသည့် တရုတ်စစ်လေယာဉ် ၁၇ စင်းအပါအဝင် တရုတ်စစ်လေယာဉ် ၂၆ စင်းနှင့် တရုတ်ရေတပ်သင်္ဘော ၅ စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်ဝမ်၏ အရေးပါသော ရေတပ်အခြေစိုက်စခန်းဖြစ်သည့် ထိုင်ဝမ်မြောက်ပိုင်း ဆိပ်ကမ်းမြို့ ကွမ်းလန် မှ ၇၆ ကီလိုမီတာခန့်အကွာတွင် တရုတ်လေယာဉ်အချို့ ရောက်ရှိလာခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြထား သည်။ 

တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီးမှာ ပူးတွဲတိုက်ခိုက်ရေးအဆင်သင့်ကင်းလှည့်မှုတွင် နည်းဗျူဟာသစ်များ ထည့်သွင်းထားကြောင်း၊ ညအချိန်တိုက်ခိုက်ရေးကင်းလှည့်မှု၊ ကမ်းတက်သင်္ဘောများနှင့် မိုင်းရှင်းသင်္ဘောများ ပါဝင်ကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် ချိုက်မင်းယန်က ထိုင်ဝမ်လွှတ် တော်အမတ် များကို မေလ ၁ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်ဝမ်၏အစွန်အဖျားကျွန်း ကင်းမန်အနီးတွင် တရုတ်ကမ်းခြေစောင့်တပ်မှ တိုးမြှင့်ကင်းလှည့်မှုများကို ထိုင်ဝမ်အာဏာပိုင်များက ခြေရာခံနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ဧပြီလ ၂၉ ရက်အစောပိုင်းတွင် တရုတ်ဖူ့ကျန့်ကမ်းခြေစောင့်တပ်သည် ကင်းမန်ကျွန်းအနီးရှိ ရေပြင်တွင် ကင်းလှည့်မှု အကြိမ်ရေ တိုးမြှင့်ရန် သင်္ဘောအုပ်စုကို ဖွဲ့စည်းခဲ့သည်။ 

 ထိုင်ဝမ်ကျွဲကောနှင့် ပင်လယ်စာ အမျိုးအစားနှစ်မျိုးကို ဧပြီလနှောင်းပိုင်းတွင် တင်သွင်းခွင့် ကန့်သတ်ချက် တရုတ်က ရုပ်သိမ်းလိုက်သလို၊ တောင်ပိုင်း ဖူ့ကျန့်ပြည်နယ်မှ နေထိုင်သူများကို ထိုင်ဝမ်၏ အစွန်အဖျား မတ်ဆုကျွန်းသို့ ခရီးသွားလာခွင့်ပြုသည့် အစီအစဉ်ကိုလည်း တရုတ်က ကြေညာခဲ့ကြောင်း VOA သတင်းတွင် ဖော်ပြခဲ့သည်။ 

ထိုင်ဝမ်နှင့် တရုတ်အကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို ထောက်ခံအားပေးသည့် ထိုင်ဝမ်၏ အဓိက အတိုက်အခံပါတီဖြစ်သော ကူမင်တန်မှ လွှတ်တော်အမတ်အဖွဲ့တဖွဲ့သည် တရုတ်သို့ လာရောက်ပြီးနောက် ယင်းကိစ္စဖြစ်ပေါ်လာခြင်းဖြစ်သည်။ 

ထိုင်ပေအခြေစိုက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနဌာနမှ စစ်ဘက်ကျွမ်းကျင်သူ ဆုဇွန်ယန် က “တရုတ်ရဲ့ အလုံးစုံဗျူဟာက ထိုင်ဝမ်ကို ဖိအားတွေတိုးပေးဖို့ ဖြစ်သလို၊ ထိုင်ဝမ်ရဲ့ အတိုက်အခံပါတီ တွေကို အခွင့်ကောင်းလေးတွေလဲပေးနေပါတယ်” ဟု ပြောကြားခဲ့သည်။