ဧပြီနှစ်ကူး ဘာသတင်းတွေထူးဦးမလဲ

ZZ, JC

(မဇ္ဈိမ) ။ ။ လာမယ့်ဧပြီလဟာ မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလဖြစ်ပြီး ဒီကာလရောက်တိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ မြန်မာပြည်သူတွေက သင်္ကြန်ပွဲတွေကို ပါဝင်ဆင်နွဲကြတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်သစ်ကူးကာလမှာ ရာနှုန်းပြည့် ပျော်ရွှင်စွာ မဆင်နွဲနိုင်ခဲ့တာ သုံးနှစ်ရှိခဲ့ပြီလို့ ပြောရမှာပါ။ ဒီတနှစ်ရဲ့ နှစ်ကူးသင်္ကြန်ကာလ မှာကော ဘယ်လို အခြေအနေတွေ ဖြစ်လာမလဲ။ သတင်းထူး သတင်းဦးတွေနဲ့အတူ ဘယ်လို သတင်းမှားတွေ ပျံ့နှံ့လာနိုင်မလဲ ဆိုတာကို ကျွန်မတို့ရဲ့ သတင်းအမှားများကိုတိုက်ဖျက်ခြင်းအစီအစဉ်ကနေ သုံးသပ် ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

ဧပြီလမှာတော့ လစစချင်းမှာပဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ အချင်းချင်း စနောက်နေကျနေ့ဖြစ်တဲ့ “April Fools Day” ရှိပါတယ်။ ဒီလိုနေ့မှာ ဟာသဘောနဲ့ စနောက်တာတွေ ရှိနိုင်တာမို့ သတင်းဖတ်ရှုသူတို့ သတိထားပြီး သတင်းဖတ်ရှုရမယ့် နေ့ပဲဖြစ်ပါတယ်။

နှစ်သစ်ကူးသင်္ကြန်ကာလဟာ ၁၃ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ သင်္ကြန်ကာလကို အရင်ကလို ပုံမှန်အတိုင်းဆင်နွဲနေပြီး မြန်မာပြည်သူတွေဟာ အပူအပင်မရှိပဲ ပျော်ရွှင်နေကြတယ်ဆိုတဲ့ အခြေအနေကို အတင်းလုပ်ယူပါတယ်။ တဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဟာ သင်္ကြန်ကာလကို တော်လှန်သင်္ကြန်အဖြစ် ပါဝင်ဆင်နွဲကြဖို့ တိုက်တွန်းကြတာတွေရှိပါတယ်။ ဒါကြောင့်လည်း သင်္ကြန်ဟာ ယခင်နှစ်တွေနဲ့မတူဘဲ သိသိသာသာ ခြောက်ကပ်နေခဲ့တာပါ။ ဒါကို လက်မခံနိုင်တဲ့ စစ်ကောင်စီလော်ဘီတွေကတော့ သင်္ကြန်ပွဲမှာ လူစည်ကားနေကြောင်း အမြဲတစေ ဖြန့်လေ့ ရှိပေမယ့် ယခင်ပုံအဟောင်းတွေကိုသုံးပြီး လူတွေအမြင်လွဲအောင် သတင်းတု ဖြန့်ဝေတာတွေ ရှိနေပါတယ်။ ယခင်နှစ်တွေကလည်း ဒီလိုအလားတူ သတင်းတုတွေပျံ့နှံ့ခဲ့ဖူးတာတွေကြောင့်လည်း သတင်းဖတ်ရှုသူတွေအနေနဲ့ သတိထားစရာ သတင်းပဲဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မြန်မာနှစ်ဆန်း တရက်နေ့မှာ အကျဉ်းသား အကျဉ်းသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတဲ့နေ့လည်းဖြစ်ပါတယ်။ ဒီလိုနေ့မှာတော့ လွတ်ငြိမ်းနဲ့ပတ်သက်ပြီး ကောလဟာလတွေ သတင်းမှားတွေ ထွက်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ဖမ်းဆီးခံရတဲ့ အနုပညာရှင်တွေ ဆယ်လီတွေနဲ့ပတ်သက်ပြီး လွတ်ငြိမ်းခွင့်ပေးတဲ့ အချိန်တိုင်း သူတို့တွေ လွတ်မြောက်လာပြီဆိုပြီး သတင်းအမှားတွေဖြန့်ဝေလေ့ရှိတာကို သတိပြုမိစေချင်ပါတယ်။

ဒီဧပြီလမှာ ပြည်သူတွေကြားပိုထူးခြားလာနိုင်မယ့် သတင်းအကြောင်းအရာကတော့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက် ပြီး ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကြောင်းအရာတွေပဲဖြစ်ပါတယ်။ စစ်ကောင်စီက ဒီဥပဒေကို ဖေဖော်ဝါရီလမှာအသက်သွင်းခဲ့ပြီး ဧပြီလ သင်္ကြန်အပြီးမှာအကောင်အထည်စဖော် မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်များနေတဲ့ ပြည်သူတွေကြားမှာ သတင်းတုတွေလည်း ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလို စစ်ကောင်စီဘက်က စတင်ခေါ်ဆိုမယ်လို့ ပြောထားတဲ့ ကာလမှာတော့ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေမြင့်တတ်လာသလို သတင်းတုတွေဟာလည်း ပိုမိုပျံ့နှံ့နိုင်တာကြောင့် သတင်းဖတ်ရှုသူတွေအနေနဲ့ သတိထားစရာ အကြောင်းအရာတခု ဖြစ်နေပါတယ်။

ဧပြီလထဲမှာပဲ အခြား အထင်ကရနဲ့ အမှတ်ရနေမယ့် ဖြစ်ရပ်တွေရှိနေပါတယ်။ ၉ ရက်နေ့မှာတော့ ပဲခူးသပိတ်ကို အရက်စက်ဆုံး ဖြိုခွင်းမှု ဖြစ်ပွားခဲ့တာ ၃နှစ်ပြည့်ပြီဖြစ်သလို ၁၁ ရက်နေ့မှာ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်ပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပုံဟောင်းတွေလည်း ထွက်လာနိုင်ပါသေးတယ်။

နောက်ထပ်ကတော့ ဒီဧပြီ ၁၀ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA)ရဲ့ နှစ်ပတ်လည်နေ့ပါ။ ရခိုင်ပြည်နယ်မှာ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နဲ့ အေအေ တို့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အခုတစ်ခါ တိုက်ပွဲမှာတော့ အေအေဘက်က စစ်စခန်းအများအပြား သိမ်းပိုက်ရရှိထားသလို ရခိုင်ပြည်နယ်ထဲက မြို့နယ်အချို့ကိုလဲ ထိန်းချုပ် ထားနိုင်နေပြီဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်တပ်ထောက်ခံသူတွေဟာ အေအေနဲ့ပတ်သက်ပြီး အမုန်းစကားတွေ သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိနေပြီ လာမယ့် ဧပြီ ၁၀ ရက်နေ့ဖြစ်တဲ့ အေအေရဲ့နှစ်ပတ်လည်နေ့မှာလည်း ဘယ်လိုသတင်းတု သတင်းအမှားမျိုးတွေ ဖြန့်ဝေမလဲဆိုတာကတော့ လေ့လာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

အခုပြောပြခဲ့တာတွေကတော့ ဧပြီလအတွင်းမှာ ပျံ့နှံ့လာနိုင်ချေရှိတဲ့ သတင်းတု သတင်းအမှားတွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်သွားခဲ့တာဖြစ်ပါတယ်။ ဧပြီ နှစ်ကူးမှာတော့ ဘယ်လို အချက်အလက်အမှား တွေဟာ ပြည်သူတွေဆီ ရောက်ရှိလာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြည်သူတွေ အနေနဲ့ ကိုယ်ဖတ်ရှုနေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ ရှိနေရင် အချက်အလက်စစ်ဆေးနေတဲ့ အဖွဲ့တွေ ထံကို မေးမြန်းနိုင်ပါတယ်။ ကျွန်မတို့ မဇ္ဈိမရဲ့အချက်အလက်စစ်ဆေးသူတွေဆီကိုလဲ လာရောက်မေးမြန်းနိုင်သလို မေးမြန်းချင်ရင် t.ly/AjFbz ဒီလင့်လေးကနေတစ်ဆင့် လာရောက်မေးမြန်းလို့ရပါတယ်။ လင့်ကို သတင်းနဲ့အတူ တွဲလျက်ဖော်ပြထားပါတယ်ရှင်။