တိုက်ပွဲကြောင့်လမ်းပိတ်သော်လည်း မဟာဗောဓိမြိုင်ဆရာတော်ရုပ်ကလာပ်ရှိရာ တောရကျောင်းသို့ သွားရောက်နိုင်ဟုဆို

မဟာဗောဓိမြိုင်ဆရာတော်၏ ဈာပနအခမ်းအနားအတွက် ပြင်ဆင်မှုပြုလုပ်နေကြသည့် မြင်ကွင်း။ (ပုံ – Nat Ta Lu၊ ဖန်ခါးမြေ)

ရောင်နီ (မဇ္ဈိမ)

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ရုပ်ကလာပ်ထားရှိသည့် ကန့်ဘလူမြို့နယ်၊မလည်တိုက်နယ်၊ဉေယျဓမ်တောရကျောင်းသို့သွားသည့် ကားလမ်းပိုင်းနေရာအချို့၌ စစ်ရေးတင်းမာနေ၍ လမ်းပိတ်ဆို့မှုရှိသော်လည်း သွားရောက်ဖူး‌မြော်နိုင်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်၏ ရုပ်ကလာပ်အား နေ့စဉ်ဖူးမြော်ခံနေပြီး ဈာပနအခမ်းအနားကို ဆရာတော်နောက်ဆုံးသတင်းသုံးခဲ့သည့် ဉေယျဓမ်တောရကျောင်းတွင် မနက်ဖြန်( မေလ ၁၀ ရက်နေ့)၌ ကျင်းပမည် ဖြစ်သည်။ဉေယျဓမ်တောရကျောင်းသည် ရွှေဘို-မြစ်ကြီးကားလမ်းမှတဆင့် သွားလာရပြီး ဘုရားဖူးအများအပြားလာရောက်ကြကြောင်း သိရသည်။

မေလ ၇ ရက်နေ့ကမလည်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေအရ ရွှေဘို- မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ မလည်-ဇီးကုန်းလမ်းပိုင်း ယာယီပိတ်ဆို့ခဲ့သည်။

“ ဟိုနေ့က ထိတွေ့တိုက်ပွဲဖြစ်လို့ လမ်းကြောပိတ်ထားတဲ့အချိန်မှာ ကားတွေ တစ်(ပိတ်ဆို့)နေတယ်။ ဆရာတော်ကြီးကျောင်းကိုသွားတဲ့လမ်းက ရွှေဘို- မြစ်ကြီးနား သွားတဲ့ မိန်းလမ်းမကြီးပေါ်မှာရှိပါတယ်။ မိန်းလမ်းကနေ မလည်ဘက်ကိုသွားတဲ့ကတ္တရာလမ်းတလျှောက်ရှိတယ်။ အဲ့ကတ္တရာလမ်းရဲ့ ဘေးမှာ ဆရာတော်ကြီးစံကျောင်းကို သွားတဲ့ လမ်းရှိတယ်။ အဲ့တော့ လမ်းပိတ်သလို ဖြစ်နေတာပါ” ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားသည့် အတွက် လမ်းပြန်ပွင့်မည့် အခြေအနေရှိပြီး ယင်းလမ်းပိုင်းမှ မသွားလိုပါက ရွှေဘို- မြစ်ကြီးနားလမ်းပိုင်း၊ ကန့်ဘလူမြို့နယ်ရှိ နတ်တလူ‌ကျောင်းသို့သွားလမ်းဟု ညွှန်ပြထားသည့်လမ်းအတိုင်း ရေကြည်ဦးရွာ၊ ဘူးကုန်းရွာ၊ သီချင်းရွာတို့ကိုဖြတ်၍ဉေယျဓမ်တောရသို့ သွား၍ရကြောင်း ဒေသခံတဦးက ယနေ့(မေလ ၉ရက်) နေ့လယ်တွင် ပြောသည်။

“ လောလောဆယ်တော့ လမ်းက ပြန်ပွင့်မှာပါ။ အခုတော့ လမ်းကြောင်း နည်းနည်းရှင်းသွားပြီ” ဟု ၎င်းက ပြောသည်။

မဟာဗောဓိမြိုင်ဆရာတော် ဝနဝါသီဉေယျ ဓမ္မသာမိထေရ်သည် ဧပြီလ ၃၀ ရက်၊မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပျံလွန်တော်မူခဲ့သည်။ ပျံလွန်တော်မူချိန်၌ သက်တော်(၈၂)နှစ်၊ ဝါတော်(၄၅)ဝါ ရှိပြီဖြစ်သည်။ဆရာတော်၏ ရုပ်ကလာပ်ကိုမီးပူဇော်သဂြိုဟ်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ ဉေယျဓမ်တောရကျောင်းတွင် အပူဇော်ခံထားမည်ဖြစ်ကြောင်း သိရသည်။

“ အရင်ကတော့ ဆရာတော်ကြီးစံမြန်းတဲ့ ကုတင်ပေါ်မှာပဲ စံမြန်းပြီး ထားတယ်။ အခုတော့ အချိန်လည်းကြာလာတော့ အဲ့ဒီ့အခန်းကို မှန်နဲ့ကန့်လိုက်ပြီး အပြင်ကနေပဲ ဖူးလို့ရတော့တယ်။ မနက်ဖြန်ကို ဉေယျဓမ်တောရကျောင်းမှာ ဆွမ်းလောင်းပွဲရှိတယ်။ ကျန်တာကတော့ ဆရာတော်ရဲ့ ရုပ်ကလပ်ကို ဒီအတိုင်းပဲထားပြီး ပုံမှန် အပူဇော်ခံထားပါတယ်” ဟု ဆရာတော်၏ ရုပ်ကလာပ်အား လာရောက်ဖူးမြော်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ဆရာတော်၏ ရုပ်ကလာပ်ကိုထားရှိအပူဇော်ခံမည့် နေရာနှင့်ပတ်သက်၍ ဆရာတော်၏ မိသားစုဝင်များ၊ တပည့်ဒါယိကာ၊ဒါယိကာမများအကြား သဘောထားကွဲလွဲမှု အချို့ရှိနေကြောင်းလည်း သိရသည်။

“ တချို့က မူရင်းနတ်တလူကျောင်းမှာပဲ အပူဇော်ခံစေချင်တယ်။ တချို့ကလည်း မူရင်းပျံလွန်တော်မူတဲ့ ဒေသမှာပဲ ရှိစေချင်တယ်။ အဲ့လိုကွဲလွဲမှုလေးတွေ ရှိနေတယ်လို့ ကြားပါတယ်” ဟု ဒေသခံတဦးက ပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်သည် မနေသုံးချက်ဖြင့်နေထိုင်ကျင့်ကြံခြင်း၊ တရားပြသခြင်းများကြောင့် ဝိနည်းလိုက်နာသည့် ရဟန်းအဖြစ် ကိုးကွယ်ယုံကြည်ကြသလို ရဟန္တာအဖြစ်လည်း ယုံကြည်သူများရှိသည်။

မနေသုံးချက်ဆိုသည်မှာ သီတင်းသုံးဖော်သံဃာ များ စိတ်ငြိုငြင်ကြောင်းသိလျင် မနေခြင်း၊ လူရှုပ်- လာဘ်ပေါ- ကျော်ဇော- ခြွေရံ စသည့်အချက်လေးချက် နှင့်တိုက်ဆိုင်ပါကမနေခြင်းနှင့် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရပါက မနေခြင်းတို့ဖြစ်သည်။ ယင်းအချက်များကြောင့် ဆရာတော်ရွှေ့ပြောင်းသီတင်းသုံးခဲ့သော နေရာ ပေါင်း ၃၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ယခုအခါ ဆရာတော်၏ ရုပ်ကလာပ်အား ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် မြို့အချ်ို့မှ ဒေသခံများ လာရောက်ဖူးမြော်နေကြသလို ဒေသတွင်းစစ်ရေးအခြေအနေကြောင့် နောက်ကြောင်းပြန်လှည့်သွားသူများလည်းရှိကြောင်း ရွှေဘိုနှင့်ကန့်ဘလူမြို့ခံအချို့ကပြောသည်။

စာတည်း – အေးချမ်း