NLD ပါတီ နာယကကြီး သူရဦးတင်ဦးကို ဂူသွင်းသင်္ဂြိုဟ်မည့် အုတ်ဂူ ပုံစံ ဒီဇိုင်းထွက်

ပုံအညွှန်း – NLD ပါတီ နာယကကြီး သူရဦးတင်ဦးအား ဂူသွင်း သင်္ဂြိုဟ်မည့် အုတ်ဂူ ပုံစံ ဒီဇိုင်း / ဓာတ်ပုံ – မဇ္ဈိမ

မောင်ခက်နွေ

(မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦးကို ဂူသွင်းသင်္ဂြိုဟ်မည့် အုတ်ဂူ ဒီဇိုင်းရရှိလာပြီဟု မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမ ကို ပြောသည်။

“ဒါတွေက အုတ်ဂူမှာထွင်းမယ့်စာသားနဲ့ပုံ။ ပထမ ဘဘထိုင်နေတဲ့ ပုံပဲ အုတ်ဂူမှာ ထားဖို့ကို ဘဘ အမျိုးသမီး အမေရွှေက မြင်းပေါ်က ပုံပါ ထည့်ပေးပါတဲ့။ ဘဘဦးအောင်ရွှေ ဂူလုပ်တဲ့ ဗိသုကာပညာရှင်လက်ရာပါ” ဟု သူကဆိုသည်။

သူရဦးတင်ဦးအား ဂူသွင်းသင်္ဂြိုဟ်မည့် အခေါင်းမှာ အလျား ခုနစ်ပေ၊ အနံ နှစ်ပေခွဲနှင့် အမြင့် နှစ်ပေခွဲရှိပြီး အတွင်းပိုင်းတွင်လည်း ဒန်းလော့(မွေ့ယာ) ခင်းထားသည်ဟု သူကဆက်လက် ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦး၏ ဈာပနကို ဇွန်လ ၂ ရက်နေ့က အကျဉ်းကျခံနေရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ဇွန် ၁ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ရုပ်အလောင်းကို အမှတ်(၃၀)၊ ဗောဓိရိပ်သာလမ်း၊ ဗဟန်းမြို့နယ် နေအိမ်တွင် ထားရှိထားပြီး ဇွန်လ ၅ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့နယ်ရှိ ရေဝေးသုဿန်၌ ဂူသွင်း သင်္ဂြိုဟ်မည်လည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကကြီး သူရဦးတင်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေရင်း ဇွန် ၁ ရက် မနက်ပိုင်းတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

သူရဦးတင်ဦးသည် သေဆုံးချိန်တွင် (အသက် ၉၈) နှစ်ရှိပြီဖြစ်ကာ နှလုံးရောဂါ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် နေအိမ် ရေချိုးခန်း၌ ချော်လဲသည့်ဒဏ်ကြောင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူခဲ့ရသေးသည်။

သူရဦးတင်ဦးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဦးဆောင်သူများနှင့် NLD ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခု ဒီဇင်ဘာလ ၂၂ ရက်အထိ ပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်းဖြစ်သည့် ဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူလည်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး