NLDအစိုးရလက်ထက်အဆိုပြုခဲ့သည့် ကင်းလှည့်ရေယာဉ်၆စီး စစ်ကောင်စီထံ တရုတ်ပေးအပ်

ဇွန်လ ၁၁ ရက်က စစ်ကောင်စီထံ တရုတ်အစိုးရ ပေးအပ်လိုက်သည့် ကင်းလှည့်ရေယာဉ်ခြောက်စီးအနက် တစီးအားတွေ့ရစဉ် \ Photo - Chinese Embassy in Myanmar

ဇွန်လ ၁၁ ရက်က စစ်ကောင်စီထံ တရုတ်အစိုးရ ပေးအပ်လိုက်သည့် ကင်းလှည့်ရေယာဉ်ခြောက်စီးအနက် တစီးအားတွေ့ရစဉ် \ Photo – Chinese Embassy in Myanmar

ရွှေနွယ်

(မဇ္ဈိမ)။ ။အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက်က တရုတ်အစိုးရထံ အဆိုပြုခဲ့သော ကင်းလှည့်ရေယာဉ် ခြောက်စီးကို ယမန်နေ့ (ဇွန်လ ၁၁ ရက်) တွင် စစ်ကောင်စီထံ တရုတ်က လွှဲပြောင်းပေးအပ်လိုက်သည်။

NLDအစိုးရလက်ထက်၂၀၁၈ ခုနှစ်က ယင်းစီမံကိန်းကိုအဆိုပြုခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လက်မှတ်ရေးထိုးအတည်ပြုကာ ယခုအခါတရားဝင်လွှဲပြောင်းပေးအပ်ခြင်းဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်သည်။

ထိုကင်းလှည့်ရေယာဉ်ခြောက်စီးကို စစ်ကောင်စီက ရန်ကုန်ဆိပ်ကမ်းတွင် လက်ခံရယူခဲ့သည်။မြန်မာ နိုင်ငံမှ ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ရေအရင်းအမြစ်ကာကွယ်အသုံးချမှုလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်ရန်ကူညီပေးမည့်ရေယာဉ်များဟုတရုတ်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် သဘောတူညီခဲ့သည့် လုပ်ငန်းစဉ်အတိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီလက်သို့ လွှဲပြောင်းပေးအပ်ခြင်းသည် အငြင်းပွားဖွယ်ဖြစ်နေသည်ဟုNLD ပါတီ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦးက မှတ်ချက်ပြုသည်။

“လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့ ရေယာဉ်ခြောက်စီးက ကမ်းရိုးတန်းမှာကယ်ဆယ်ရေးအတွက်အသုံးပြုမယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေဖြစ်တဲ့အတွက် သိပ်ပြီးအကျယ်တော့မပြောချင်ပါဘူး။ ဒါပေမယ့် စစ်ကောင်စီလက်ထက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းပဋိပက္ခတွေကြီးထွားနေတဲ့အချိန်မျိုးမှာဆိုတော့ ဝိုင်းပြီးစိုးရိမ်ကြတာပါ။ ဒါဟာ စစ်မှန်စွာပဲ ကယ်ဆယ်ရေးအတွက်ကိုအသုံးပြုတယ်ဆိုရင်တော့ ဒါဟာ ပြဿနာမရှိပါဘူး” ဟု ဦးဘိုဘိုဦးကပြောသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် ယခုကင်းလှည့်ရေယာဉ်လွှဲပြောင်းခြင်းမှအစပြု၍ တရားဥပဒေစိုးမိုးမှုစွမ်းရည်တည်ဆောက်ခြင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကိုနက်ရှိုင်းစေပြီး လောင်းကစား၊လိမ်လည်မှု၊ မူးယစ်ဆေးဝါးစသည့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကို အဆက်မပြတ်နက်ရှိုင်းစွာတိုက်ဖျက်သွားကြမည်ဟု တရုတ်သံရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း – အေးချမ်း