ကုလားတန်မြစ်ရေကြီး၍ မီဇိုရမ်ပြည်နယ်မှ မြန်မာစစ်ဘေးရှောင်နေအိမ်အချို့ပျက်စီး

ပုံအညွှန်း။ ​။ မီဇိုရမ်ပြည်နယ်၊ကာကီရွာရှိ မြန်မာစစ်ဘေးရှောင်များစခန်း ကုလားတန်မြစ်ရေကြီး၍ ပျက်စီးမှုမြင်ကွင်း/ ဓာတ်ပုံ ။ ။ Paletwa Autonomous District Council-PADC

ပုံအညွှန်း။ ​။ မီဇိုရမ်ပြည်နယ်၊ကာကီရွာရှိ မြန်မာစစ်ဘေးရှောင်များစခန်း ကုလားတန်မြစ်ရေကြီး၍ ပျက်စီးမှုမြင်ကွင်း/ ဓာတ်ပုံ ။ ။ Paletwa Autonomous District Council-PADC

ကိုခင်မောင်

(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာတွင် ကုလားတန်မြစ်ရေကြီးပြီး မြစ်ကမ်းနံဘေးမှ မြန်မာစစ်ဘေးရှောင်နေအိမ်အချို့ပျက်စီးသွားကြောင်း စစ်ဘေးရှောင်များအားကူညီပေးနေသူများထံမှ သိရသည်။

မီဇိုရမ်ပြည်နယ်တွင် Remal ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်မေလ ၂၈ ရက်နေ့က အဆိုပါသဘာဝဘေးကြုံတွေ့ခဲ့ပြီး လတ်တလောတွင် စစ်ဘေးရှောင်များအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားကြောင်း သတင်းရရှိသည်။

“ကုလားတန်မြစ်ရဲ့ ကမ်းနားမှာပဲဆောက်ထားတော့ အိမ်ခြေ ၁၀ကျော်ကျော်လောက်တော့ ရေထဲပါသွားတဲ့ အနေအထားမှာရှိတယ်။လူတွေက ထိခိုက်မှုမရှိဘူး။ နေ့ခင်းပိုင်းမှာရေကြီးလာတာဆိုတော့ ကိုယ်လွတ်ရုန်းတိမ်းရှောင်နိုင်တယ်”ဟု စစ်ဘေးရှောင်များအားကူညီပေးသူတဦးကပြောသည်။

ပုံအညွှန်း။ ​။ မီဇိုရမ်ပြည်နယ်၊ကာကီရွာရှိ မြန်မာစစ်ဘေးရှောင်များစခန်း ကုလားတန်မြစ်ရေကြီး၍ ပျက်စီးမှုမြင်ကွင်း/ ဓာတ်ပုံ ။ ။ Paletwa Autonomous District Council-PADC

ကာကီကျေးရွာတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသော လူဦးရေ ၄၀၀ကျော်ရှိပြီး စစ်ရှောင်စခန်းတွင် အိမ်ခြေပေါင်း ၁၅၀ကျော်ရှိသည်။ ပလက်ဝမြို့နယ်အတွင်း စစ်ရေးအခြေအနေကြောင့် စစ်ရှောင်လူဦးရေတိုးလာနေသည်ဟုအဆိုပါစစ်ရှောင်ကူညီပေးသူထံမှ သိရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်သော ဒေသခံဦးရေ ၃,၀၀၀ကျော်နှင့်စစ်ရှောင်စခန်း ၁၈ခု ရှိသည်။ မြန်မာစစ်ဘေးရှောင်များအတွက် အမိုးအကာ၊အစားအစာနှင့်ဆေးဝါးများလိုအပ်နေသည် ဟု စစ်ဘေးရှောင်များအား ကူညီပေးသူများက ပြောသည်။

ပုံအညွှန်း။ ​။ မီဇိုရမ်ပြည်နယ်၊ကာကီရွာရှိ မြန်မာစစ်ဘေးရှောင်များစခန်း ကုလားတန်မြစ်ရေကြီး၍ ပျက်စီးမှုမြင်ကွင်း/ ဓာတ်ပုံ ။ ။ Paletwa Autonomous District Council-PADC

မေလ ၂၇ရက်နှင့် ၂၈ရက်နေ့တွင်တွင် ဆိုင်ကလုန်းမုန်တိုင်း Remalတိုက်ခတ်သောကြောင့် မီဇိုရမ်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မိုးကြီး၍ မြေပြိုမှု အကြီးအကျယ်ဖြစ်ပွားကာ လူ ၃၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာဖြစ်သည့် Zonet ရုပ်သံသတင်းဌာနက ထုတ်ပြန်ထားသည်။

Remalမုန်တိုင်းသည် မေလ ၂၆ရက်ညတွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်သွားခဲ့ပြီး မုန်တိုင်းအရှိန်ကြောင့် မိုးဆက်လက်ရွာခဲ့ခြင်းဖြစ်သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း မုန်တိုင်းကြောင့် လူ ၁၆ဦးထက်မနည်း သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ပို့ဆောင်ခဲ့ရသည်။

ပုံအညွှန်း။ ​။ မီဇိုရမ်ပြည်နယ်၊ကာကီရွာရှိ မြန်မာစစ်ဘေးရှောင်များစခန်း ကုလားတန်မြစ်ရေကြီး၍ ပျက်စီးမှုမြင်ကွင်း/ ဓာတ်ပုံ ။ ။ Paletwa Autonomous District Council-PADC

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် လူနေအိမ်အများစုသည် တောင်စောင်း တောင်ကမ်းပါးယံများတွင် ဆောက်လုပ်ထားကြသည်။ မိုးတွင်းကာလ၌ မြေပြိုမှုဒဏ်ကို နှစ်စဉ် ကြုံတွေ့ရသလို ကုလားတန်မြစ်နဘေးရှိ ကျေးရွာများတွင်လည်း ရေတိုက်စားမှု နှစ်စဥ်ကြုံတွေ့ နေရသည်။

ပြီးခဲ့သည့် မေလ ၁ရက်နေ့ကလည်းမီဇိုရမ်ပြည်နယ်၊ ဒပ်ဆွာကျေးရွာရှိ မြန်မာစစ်ဘေးရှောင် ပြည်သူ့အခြေပြုဒပ်ဆွာကျောင်းသည် လေပြင်းမုန်တိုင်းကြောင့် ကျောင်းတဆောင်လုံး ပျက်စီးခဲ့သည်။

စာတည်း-အေးချမ်း